ပွဲထွက် တိုက်စစ်မှူးတိုင်း ဂိုးသွင်းပြီး အိမ်ကွင်း ရာနှုန်းပြည့် နိုင်ပွဲ ဆက်ယူသွားတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖောရက်စ်ကို ဧည့်ခံကစားကာ ပွဲထွက် တိုက်စစ်သမားတိုင်း ဂိုးရခဲ့ခြင်းနဲ့အတူ ၃-၀ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။

တိုက်စစ်မှူး ဒီယက်ဇ်ကိုတော့ မိသားစုရေးရာ စိတ်ပူစရာတွေကြောင့် ပွဲနေ့ လူစာရင်းကနေ ဖယ်ထုတ်ပေးထားပါတယ်။ တိုက်စစ်မှာ ဆာလာ၊ ဒါဝင်၊ ဂျိုတာတို့ ဦးဆောင်ပြီး နွေမှာ ခေါ်ယူထားတဲ့ ကွင်းလယ်လူသစ် ၃ ဦးက ပွဲထွက်လူစာရင်းက ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဖောရက်စ်ဟာ ခံစစ်ကို အသေအချာ ပိတ်ကစားပြီး လီဗာပူးကို စိတ်ညစ်အောင် လုပ်ဖို့ ပြင်ဆင်လာခဲ့သလို အသင်းဘက်ကလည်း စိတ်ရှည်ရှည်ဖြင့် ပြိုင်ဘက် ခံစစ်ကို ဖြိုခွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲအစပိုင်း မိနစ် ၃၀ လောက်ကတော့ အတော်ကို ပျင်းစရာ ဖြစ်ခဲ့ပါတယ်။

အသင်းဘက်က စိတ်ရှည်ခြင်းရဲ့ အကျိုးရလဒ်ကတော့ ပွဲချိန် မိနစ် ၃၀ နဲ့ ၃၅ မိနစ်တွေမှာ ဂျိုတာ၊ ဒါဝင်တို့ ဂိုးရရှိခဲ့ပါတယ်။ ဂျိုတာဟာ ဂိုးသွင်းအပြီး အသင်းဖော် ဒီယက်ဇ်ရဲ့ ဂျာစီကို ထောင်ပြကာ အသင်းရဲ့ အားပေးနေမှုကို ပြသခဲ့ပါတယ်။

ပထမပိုင်းကတော့ လီဗာပူးကပဲ အပြည့်အဝ ဦးဆောင် ကစားခဲ့တာဖြစ်ကာ သွင်းဂိုးအတွက် အခွင့်အရေးရဖို့ကိုပဲ အားစိုက် ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း အသင်းက ပွဲကို အေးအေးဆေးဆေးပဲ ထိန်းချုပ်ကစားပြီး တိုက်စစ်မှာ အခွင့်အရေး ရှာခဲ့တယ်။ မိနစ် ၆၀ လောက်မှာတင် ဟာဗေးနဲ့ ဂက်ပိုကို လူစားဝင်စေပြီး ကစားအားကို ထိန်းခဲ့ပါတယ်။ လူစားဝင်လာတဲ့ ဟာဗေးဟာ ကစားပေါက် မဆိုးပေမယ့် တိကျမှုမရှိတဲ့ အဝေးကန်ချက်တွေဖြင့် အတော်လေး ဖြုန်းတီးခဲ့ပါတယ်။

၇၇ မိနစ်မှာတော့ ခံစစ်ကနေ ဆိုဘိုစလိုင်ရဲ့ အတော်လေးကို ကောင်းတဲ့ အဝေးပေးချက်က တစ်ဆင့် ဆာလာက ပြိုင်ဘက် ခံစစ်သမားနဲ့ ဂိုးသမား ပေါ့ဆမှုကို အခွင့်အရေးယူကာ ဂိုးသွင်းခဲ့ပါတယ်။ ဖောရက်စ်ဘက်က ခြေပဂိုးရဖို့ ပြန်အားထုတ်ခဲ့သလို ဂက်ပို ဂိုးသွင်းသေးပေမယ့် လူကျွံနေခဲ့ပါတယ်။

ဆာလာထံက အကောင်းဆုံးသော တိုက်စစ်ဖန်တီးမှု၊ ဆိုဘိုထံက ကွင်းလယ် မောင်းနှင်နိုင်စွမ်းအပြင် မာကာထံက ခြေစွမ်းကောင်းတွေပါ မြင်ခဲ့ရပါတယ်။

ဒီပွဲအပြီး လီဗာပူးအသင်းဟာ ဒီရာသီ အိမ်ကွင်း ရာနှုန်းပြည့် အနိုင်ရလဒ်ကို ဆက်ထိန်းခဲ့ကာ ၁၀ ပွဲကစား ရမှတ် ၂၃ မှတ်ဖြင့် ဇယားထိပ်က စပါးနောက် ၃ မှတ်အကွာဖြင့် ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။