နည်းပြကလော့ပ်က ဒီရာသီ အန်ဖီးကွင်းမှာ ရာနှုန်းပြည့် နိုင်ပွဲယူကာ စပါးကို ၃ မှတ်အကွာကနေ ဖိအားပေးနိုင်တာထက် ပွဲပြီးချိန်ထိ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း အပေါ် ပိုပြီး ကျေနပ်နေပါတယ်။
ဖောရက်စ်ပွဲအပြီးမှာ နည်းပြ ကလော့ပ်က “ ကစားပွဲတွေမှာ နောက်ကနေ လိုက်ကစားရတာက မတူညီတဲ့ စမ်းသပ်မှုပါ။ ဒါပေမယ့် ကိုယ့်က ပွဲကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ရင်တော့ အဲ့လိုပဲ ဆက်ပြီး ထိန်းချုပ်ထားနိုင်ရမှာ ဖြစ်ပါတယ်။
ပထမပိုင်း မပြီးခင် နောက်ဆုံး ၅ မိနစ်လောက်မှာ ကျနော်တို့က ခံစစ်ကို သိပ်သိပ်သည်းသည်း ခုခံနေခဲ့ရတယ်။ အဲ့အပိုင်းမှာ ကျနော်တို့ တိုးတက်လာဖို့ လိုပါတယ်။
ဖန်တီးရတဲ့ အခြေအနေတွေမှာတော့ အမြဲတမ်း တိုးတက်လာတယ်။ ကောင်လေးတွေက အရည်အချင်း သိပ်ရှိကြတော့ ဖန်တီးမှုတွေမှာ ကျနော်တို့ အပြည့်အဝ လုပ်နိုင်ပါတယ် ” လို့ ပြောခဲ့ပါတယ်။
နည်းပြကလော့ပ်ကတော့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ပဲ ပွဲကို ဦးဆောင်နိုင်ပြီး နောက်ပိုင်းမှာ ခြေပဂိုး ပြန်ပေးရလို့ သရေကျတဲ့ အခြေအနေတွေကို စိတ်ပူနေဆဲပါ။ ဒီရာသီ အိမ်ကွင်းတွေမှာ အမှား မရှိပေမယ့် အဝေးကွင်းပွဲတွေဖြစ်တဲ့ ချယ်ဆီး၊ စပါးနဲ့ ဘရိုက်တန်ပွဲတွေမှာ အဲ့လိုကနေ ရမှတ်တွေ ဆုံးရှုံးခဲ့ပါတယ်။
“ အရင် ၃ နှစ် ၄ နှစ်လောက်ကဆိုရင် ကျနော်တို့က အခုထက် နည်းနည်းပိုပြီး လွှမ်းမိုး ကစားနိုင်သလို အိမ်ကွင်းမှာ ဦးဆောင်ကစားနိုင်တယ်၊ ဖိအားတွေကို ဖောက်ထွက်နိုင်တာကို မှတ်မိကြနိုင်ပါတယ်။
၁-၀ လောက်နဲ့ အသာရနေတာက ဘာမှကို မဟုတ်တာပါ။ ၁-၀ နဲ့ နိုင်နေလို့ ပွဲပြီးခါနီး ၁၀ မိနစ်လောက်မှာ သရေကျသွားတာမျိုး ကျနော်တို့ မြင်နေကျပါ။ ဒီလို အခြေအနေမျိုးကို ကျနော်တို့ တိုးတက်လာရမယ်၊ ဒီပွဲအတွက်တော့ ကောင်လေးတွေက ရှုထောင့် အားလုံးမှာ အံ့ဩစရာတွေ လုပ်ပြသွားပါတယ်။
အခုချိန်မှာ ကျနော်တို့ရဲ့ တိုက်စစ်၊ ကွင်းလယ်နဲ့ ခံစစ်လိုင်းက အရင်အချိန်ကနဲ့မတူ အပြောင်းအလဲတွေ ရှိနေတာမို့ မတူညီတဲ့ သင်ယူမှုတွေ ပြန်ပြီး လုပ်ရပါမယ်။ ဒီတော့ တိုးတက်ရမှာတွေ ရှိနေပြီး ကျစ်လစ်မှုကို အထိအခိုက် မရှိဘဲ ဖန်တီးနိုင်ဖို့က သိပ်ကောင်းတဲ့ အိုင်ဒီယာ ဖြစ်ပါတယ် ” လို့ နည်းပြက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။