

လီဗာပူးအသင်းက ဖောရက်စ်ကို ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ယူအပြီးမှာ ကလော့ပ်ရဲ့ Liverpool 2.0 ဟာ အင်္ဂလန်သတင်းဌာနတွေရဲ့ မျက်နှာစာတွေမှာ ခေါင်းကြီး သတင်းတွေအတွင်း ဖော်ပြခံလာရပါတယ်။
သတင်းဌာန အများစုဟာ ကိုလံဘီယာမှာ ပြန်ပေးဆွဲခံထားရတဲ့ ဖခင်အတွက် ကြေကွဲဝမ်းနည်းနေမယ့် ဒီယက်ဇ်အတွက် အတူရပ်တည်ပေးကြတဲ့ လီဗာပူး အသင်းဖော်တွေကို ချီးကျူးခဲ့ကြပါတယ်။ ဒီယက်ဇ်နဲ့ ပတ်သက်တဲ့ စာစုတွေကို ဖယ်ထုတ်ပြီး လီဗာပူးအသင်းအပေါ် အထင်ကြီးစကားတွေကို LFCThaDin ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။
ဘီဘီစီက ” ယာဂင်ကလော့ပ်ရဲ့ အသင်းက အိမ်ကွင်းမှာ ရှုံးပွဲမရှိတာများ ၁ နှစ်လောက်တောင် ရှိနေပါပြီ။ မနှစ်က ချန်ပီယံ မန်စီးတီးနောက် ၂၂ မှတ် ပြတ်ကျန်နေခဲ့ပေမယ့် ကလော့ပ် ပြန်လည်တည်ဆောက်နေတဲ့ လီဗာပူးဟာ ဒီရာသီမှာတော့ ပိုပြီး ခြိမ်းခြောက်ပြလာနေတယ် ” လို့ ဖော်ပြခဲ့တယ်။
တယ်လီဂရပ်ကတော့ ” ယာဂင်ကလော့ပ်က လီဗာပူး ဗားရှင်းသစ်ကို ပြန်ပြီး ဖန်တီးနေပါတယ်။ တိုက်စစ်က Ferrari နဲ့ ခံစစ်က Rolls Royce တို့လို အဆင့်အတန်း မြင့်မားမှုတွေကတော့ ဆက်ရှိနေဆဲပါ။
ဥရောပကို သိမ်းပိုက်ခဲ့တဲ့ ကလော့ပ်ရဲ့ ပထမ ဗားရှင်းထဲက ဆာလာနဲ့ ဗန်ဒိုက်တို့ ဆက်ရှိနေတာနဲ့အတူ အောင်မြင်မှုတွေကို နောက်တစ်ကြိမ် သိမ်းပိုက်ဖို့ ပြန်လည် တည်ဆောက်မှုတွေ လုပ်လာနိုင်ဆဲပါ။ အပတ်တိုင်း ဆာလာရဲ့ သွင်းဂိုးအတွက် တာဝန်ယူပေးနိုင်မှုကို မေးခွန်းထုတ်စရာ မရှိပါဘူး။
ပြန်လည် မွန်းမံနေတဲ့ ကွင်းလယ်ကတော့ လီဗာပူး operation တစ်ခုလုံးကို ထမ်းတင်ပေးနေပါတယ် ” လို့ ဖော်ပြခဲ့တယ်။
မာဆေးဆိုဒ် သတင်းဌာန ECHO ကလည်း ” ရောမမြို့ကို တစ်ရက်Rတည်း တည်ဆောက်ခဲ့တာ မဟုတ်သလို လီဗာပူးကလည်း နွေစျေးကွက်က တစ်ဆင့် ကွင်းလယ်ကို စနစ်တကျ ပြန်ပြီး တည်ဆောက်နေပါတယ်။
၈ ရက်အတွင်း ၃ ပွဲ ကစားပြီး လီဗာပူးက အိမ်ကွင်းမှာ နိုင်ပွဲတွေဆက်နေတယ်။ ဒီပွဲတွေမှာ ၁၀ ဂိုးသွင်းထားခဲ့ကာ ခံစစ်က ပေးဂိုး ၁ ဂိုးပဲ ရှိပါတယ်။ အနာဂတ်အတွက် အကောင်းမြင်စရာတွေ အပြည့်ပါပဲ။
မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်၊ ဂရာဗင်ဘက်ချ်တို့နဲ့ လီဗာပူးကွင်းလယ် အင်ဂျင်ကို ခုတ်မောင်းနေပြီး သိသာထင်ရှားစွာ မွန်းမံလာနိုင်ပါပြီ။ ပေါင် ၁၃၅ သန်းတန် ဒီခေါ်ယူမှုတွေဟာ လီဗာပူးတစ်သင်းလုံးကို ထမ်းတင်ပေးလာနေပါပြီ။
မနှစ်ကရာသီ လီဗာပူး ကွင်းလယ်ကို အတော်လေး မေးခွန်းထုတ်ခဲ့ကြကာ မကောင်းပြောတာတွေ များခဲ့ကြပေမယ့် အခုတော့ နှစ်သက်စရာတွေ ကောင်းလာနေခဲ့ပါပြီ ” လို့ ညွှန်းဆိုသွားခဲ့ပါတယ်။