အခုချိန်ထိ ရှာမတွေ့သေးတဲ့ ဒီယက်ဇ်ရဲ့ ဖခင်၊ ဆိုဘိုစလိုင်ရဲ့ စိန်ခေါ်မှု၊ တုန့်ပြန် လှောင်ခံနေရတဲ့ ပြိုင်ဘက် တိုက်စစ်တန်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ဆာလာဟာ ၂၀၂၃ ခုနှစ်ရဲ့ Ballon D’or စာရင်းမှာ နံပါတ် ၁၁ နေရာချိတ်ခဲ့ပါတယ်။

အသင်းအဖွဲ့ တစ်ခုအဖြစ် ဒီရာသီမှာ လီဗာပူးဟာ အများကြီး လုပ်ပြနိုင်ပြီး အသင်းတိုင်းကို စိန်ခေါ်ဖို့ အဆင်သင့်ပဲလို့ ဆိုဘိုစလိုင်က မှတ်ချက်ပေးပါတယ်။

ပြန်ပေးဆွဲခံရရင်း ပျောက်ဆုံးနေတဲ့ ဒီယက်ဇ်ရဲ့ ဖခင်ကို ဗင်နီဇွဲလားနယ်စပ်ကို ကျော်ဖြတ် ခေါ်ယူသွားပြီဖြစ်မှာအတွက် ကိုလံဘီယာ ရဲအဖွဲ့က စိုးရိမ်နေပါတယ်။

ဒီယက်ဇ်ရဲ့ ဖခင် ပြန်ပေးဆွဲခံရမှုအတွက် ကိုလံဘီယာ အမျိုးသမီးအသင်း၊ အမျိုးသား ယူ-၂၃ အသင်းတို့ကလည်း တိုက်စစ်သမားနဲ့အတူ ရှိနေကြောင်းကို ဂျာစီကိုင်ပြီး ရပ်တည်ပြခဲ့ကြပါတယ်။

လာလီဂါ အကယ်ဒမီအသင်းတွေအဖြစ် မက်ဒရစ် လူငယ်အသင်းကို ကိုင်တွယ်နေတဲ့ အဘီလိုအာနဲ့ အက်သလက်တီကို လူငယ်အသင်းနည်းပြ တောရက်စ်တို့ဟာ မနေ့ကပွဲမှာ နောက်ထပ် တစ်ကြိမ် အဆင်မပြေတဲ့ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့ကြပြန်ပါတယ်။

လီဗာပူးအသင်းမှာ ဆာလာနဲ့ ဒါဝင်ကြား ဆက်ဆံရေးက အတော်လေးကို တိုးတက်လာနေကြောင်း ထောက်ပြလာပါတယ်။ နှစ်ဦးသားဟာ တိုက်စစ် တွဲဘက်မှုအတွင်း လက်ဟန်ခြေဟန်နဲ့ မျက်နှာသွင်ပြင်တွေအရ တစ်ဦးကို တစ်ဦး ပံ့ပိုးပေးလိုစိတ် ရှိနေတာကို အဓိက ထောက်ပြမှုရှိနေတာပါ။

ဆိုဘိုစလိုင်ဟာ လီဗာပူးအသင်း ကွင်းလယ်ကို အများကြီး သက်ရောက်စေခဲ့သူ အဖြစ် ချီးကျူးခံနေရပြီး ဘောလုံးရှိချိန်ကော မရှိချိန်မှာပါ အားထုတ်နိုင်စွမ်းအတွက် BBC Match of the Day ကနေ သုံးသပ်ခဲ့ကြပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ အိမ်ကွင်းပွဲ ၈ ပွဲ ကစားထားပြီး ပွဲတိုင်းကို အနိုင်ရထားပါတယ်။

မာကာဟာ ဒီရာသီ အဝါကဒ် ၄ ကြိမ်၊ ထရန့်ဟာ အဝါကဒ် ၃ ကြိမ်တို့ ရထားခဲ့ပြီဖြစ်ကာ ၅ ကြိမ်ပြည့်တာနဲ့ ၁ ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။

မနှစ်ကရာသီမှာ ဒါဝင် နူးညက်စ်ကို အကြီးအကျယ် လှောင်ပြောင်ခဲ့တဲ့ ယူနိုက်တက်ဟာ ဒီရာသီမှာတော့ စျေးကြီးပေး ခေါ်ယူထားတဲ့ ဟွိုင်လန်းအပြင် တိုက်စစ်တန်း တစ်ခုလုံးမှ ၁ ဂိုးပဲ သွင်းထားနိုင်တာကြောင့် တန်ပြန် ဟားတိုက်ခြင်းတွေ ခံနေရပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ဒါဘီပွဲအပြီးမှာ လီဗာပူးက မိုရိုကို ကွင်းလယ်လူ အမရာဘတ်ကို ခေါ်ယူရေး ဘာကြောင့် လက်ရှောင်ခဲ့တယ်ဆိုတာ နားလည်လို့ရပါပြီလို့ ပရိသတ်တွေဘက်က မှတ်ချက်ပေးကြပါတယ်။