ဆောင်းပါး | ဒီရာသီ Liverpool 2.0 ဆုဖလား စိန်ခေါ်နိုင်ခြင်း ရှိ / မရှိဟာ ဗန်ဒိုက်အပေါ် မူတည်မယ်

လီဗာပူးပရိသတ်တွေကြားမှာ ပရီးမီးယားလိဂ် အကောင်းဆုံး ခံစစ်မှူး တစ်ဦးဖြစ်တဲ့ ဗန်ဒိုက်နဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့ အမြင်တွေ ရှိနေကြပါတယ်။ တချို့ကတော့ ဗန်ဒိုက်ဟာ ထိပ်တန်းအဆင့် ခြေစွမ်းတွေ ပြသနေဆဲလို့ ယုံကြည်ပြီး တချို့ကတော့ ခံစစ်မှူးဟာ ခြေကျနေပြီလို့ ထင်မြင်ကြတာပါ။

လီဗာပူးကို ရောက်လာပြီးတည်းက အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့တဲ့ ဗန်ဒိုက်ဟာ ၂၀၁၉ တုန်းက ဘလွန်းဒီအောဆုမှာ မက်ဆီနဲ့ အပြိုင်ဖြစ်ခဲ့ပြီး ၈ မှတ်တည်းနဲ့ ကပ်လွဲခဲ့တာပါ။ အဲ့နောက်ပိုင်း ပြင်းထန်တဲ့ ဒူးဒဏ်ရာရခဲ့ပေမယ့် ပြန်လာခဲ့ကာ ပွဲဆက်များခြင်းရဲ့ ဒဏ်ကို မနှစ်ကရာသီမှာ ခံစားခဲ့ရပါတယ်။

ဒီရာသီ ဗန်ဒိုက်ရဲ့ ခြေစွမ်းက ဘယ်လောက် အရေးပါမလဲ ဆိုတာနဲ့ ပတ်သက်လို့ ခံစစ်မှူးဟောင်း ကာရေဂါရဲ့ အမြင်ကို LFCThaDin ပရိသတ်တွေအတွက် မျှဝေသွားမှာ ဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ ဒီရာသီ လီဗာပူးအသင်း ဆုဖလား စိန်ခေါ်နိုင်ရေးအတွက် အဓိကကျလာမယ်

ဒီရာသီ လီဗာပူးအသင်း ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ဆိုရင် ဗန်ဒိုက်က ကလပ်ရဲ့ ဦးဆောင် အသင်းသားတွေထဲက တစ်ဦးအဖြစ် ပြန်ပြီး တောက်ပလာဖို့ လိုအပ်ပါမယ်။ ယာဂင်ကလော့ပ်အတွက် သတင်းကောင်းကတော့ နယူးကာဆယ်ကို ရင်ဆိုင်တဲ့ပွဲတုန်းက ဆိုးရွားတဲ့ နေ့ခင်းတစ်ခု ဖြစ်ခဲ့တာကလွဲရင် ဗန်ဒိုက်ဟာ ဒီရာသီ လီဗာပူးနဲ့ အစကောင်းထားပါတယ်။

လွန်ခဲ့တဲ့ ၁၂ လတုန်းက ဗန်ဒိုက်ဟာ အတော်လေး ဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် သူ ဘယ်လောက်တောင် ကောင်းခဲ့လဲဆိုတာကို မမေ့သင့်ပါဘူး။ လီဗာပူး ကစားသမားဘဝ ၆ နှစ်တာ ကာလကို ရောက်ရှိလာနေတဲ့ ဗန်ဒိုက်ဟာ အန်ဖီးပရိသတ်တွေရှေ့မှာ ပရီးမီးယားလိဂ် ရှုံးပွဲ ၁ ပွဲပဲ ရှိထားသူ ဖြစ်ပါတယ်။

မနှစ်ကရာသီ မတိုင်ခင်ထိ ဗန်ဒိုက်နဲ့အတူ လီဗာပူးအသင်းဟာ ဘောလုံးရာသီတိုင်း ရမှတ် ၉၀ လောက်ကို အမြဲတမ်း ရခဲ့ပါတယ်။ လူတွေ အများကြီးကတော့ ဗန်ဒိုက်ဟာ ၂၀၂၀ တုန်းက မာဆေးဆိုဒ် ဒါဘီမှာ ဒူးဒဏ်ရာ ရခဲ့ပြီးတည်းက အရင်လောက် မကောင်းတော့ဘူး ပြောနေကြတယ်။

လီဗာပူး ဖလား ၄ လုံး စိန်ခေါ်ခဲ့ပြီး ၂ လုံး အနိုင်ရခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ဗန်ဒိုက်က သိပ်ကောင်းခဲ့ပါတယ်။

ခံစစ်ပိုင်းတွေအရတော့ ဗန်ဒိုက်ဟာ စူပါမန်းလို ကစားသမားအဖြစ်ကနေ သူလည်း လူသားပေပဲ အနေအထားမျိုး ပြန်ဖြစ်သွားခဲ့ပါတယ်။ သို့ပေမယ့် သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူး ၄ ဦးလောက်ထဲ ပါနေဆဲပါ။

၂၀၁၈ ကနေ ၂၀၂၁ ကာလအတွင်း ဗန်ဒိုက် ပြသခဲ့တဲ့ စွမ်းဆောင်ရည်မျိုး ဘယ် ခံစစ်သမားထံကမှ မမြင်ဖူးပါဘူး။ သူ့လို နောက်ထပ်ကောင်းတဲ့သူက ဂျွန်တယ်ရီပါ။ အားနည်းချက် သိပ်မရှိကြတဲ့ ခံစစ်မှူးတွေပါ။

ထိပ်တန်းအသင်းတွေရဲ့ ဗဟိုခံစစ်မှူးဖြစ်ရတာ အရမ်းတော့ မခက်ခဲပေမယ့် ကွင်းထဲမှာ သူတို့က တောင်းဆိုမှု အများဆုံးခံရသူတွေ ဖြစ်ပါတယ်။ အရင် နှစ် ၂၀ ကဆိုရင် ကျနော်တို့ဟာ ကွင်းတစ်ဝက်လောက်ထိ တက်ပြီး ဖိအားပေး ကစားဖို့ မလိုခဲ့ဘူး။ ကိုယ့်ရဲ့ ဧရိယာဘောက်ထဲမှာ ဘောလုံးလက်ခံယူရတာမျိုးလည်း မရှိခဲ့ဘူး။

အခုချိန်မှာတော့ ဗဟိုခံစစ်မှူးတွေက တိုက်စစ်သမားတွေလောက် နီးနီး အရှိန်အဟုန်ဖြင့် ပြေးလွှားနိုင်ရတယ်၊ ကွင်းလယ်လူလောက် နီးနီး အခြေအနေတိုင်းအတွက် ဘောလုံးပေးနိုင်အောင် နည်းစနစ် ကောင်းဖို့ လိုအပ်လာပါတယ်။

မနှစ်ကရာသီမှာ ဗန်ဒိုက်ဟာ မျှော်လင့်ထားသလို မလုပ်ပြနိုင်ဘူးဆိုတဲ့ အချက်ကို ကျနော် သဘောတူပါတယ်။ ဗန်ဒိုက် အဲ့လို ရုန်းကန်ရတာကလည်း လီဗာပူးကွင်းလယ်က ခံစစ်ကို ကာကွယ်နိုင်စွမ်း လုံးဝ မရှိခဲ့လို့ပါ။ သူဟာ ပွဲတွေ အရမ်း ကစားခဲ့ရသလို ၂၀၂၂ ကမ္ဘာ့ဖလား ပြက္ခဒိန်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တောင်းဆိုမှုကြောင့် မတန်တဆ ကစားခဲ့ရပြီး ကြီးကြီးမားမား ပေးဆပ်ခဲ့ရတယ်။

လူစာရင်း ဘယ်လောက်ရှိပါတယ် ပြောပြော မန်နေဂျာတွေက ပွဲတိုင်းကို နိုင်ရမယ်ဆိုတဲ့ ဖိအားကြောင့် အကောင်းဆုံး ကစားသမားတွေကို တတ်နိုင်သလောက် ပွဲထုတ်ရတာပါပဲ။

၂၀၂၁ ဇူလိုင်လကနေ ၂၀၂၂ အောက်တိုဘာလကြားမှာ ဗန်ဒိုက်ဟာ ကလပ်နဲ့ နိုင်ငံပွဲပေါင်း ၇၈ ပွဲ ကစားခဲ့ရပါတယ် (ဗန်ဒိုက်ဟာ ဥရောပမှာ ပွဲအများဆုံး ကစားခဲ့ရတဲ့ ကစားသမားဖြစ်ပါတယ်) ။ ကာတာကနေ ပြန်လာပြီးတည်းက သူ တံကောက်ကြောဒဏ်ရာ ရတော့တာပါပဲ။

ဒီရာသီမှာ လီဗာပူးက ရလဒ်ကောင်းတွေယူထားပြီး ထိပ်ဆုံး ၄ သင်းထဲ ဝင်နေနိုင်သလို ကလပ်ရဲ့ ဆုဖလား ရည်မှန်းချက်တွေအတွက်ဆိုရင် ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်က အဓိကကျပါလိမ့်မယ်။

လီဗာပူးနဲ့ အခြားကလပ်တွေအတွက်က မန်စီးတီးတို့ ခြေချော်မှ ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ မျှော်လင့်နိုင်တာပါ။ မန်စီးတီးအသင်း ဝုဗ်နဲ့ အာဆင်နယ်တို့ ဆက်တိုက် ရှုံးလိုက်တာကြောင့် ကျန်တဲ့အသင်းတွေ မျှော်လင့်လို့ ရလာခဲ့တယ်။

အာဆင်နယ်အသင်းက မန်စီးတီးကို ကျော်တက်ဖို့ အမျှော်လင့်ခံရဆုံး အသင်းပဲ။ အာဆင်နယ်က လီဗာပူးထက် ပိုသာမလားကတော့ ခရစ္စမတ်လောက်ဆို ကျနော်တို့ သိရပါမယ်။

လီဗာပူးတိုက်စစ်က သိပ်ကောင်းပြီး ရွေးချယ်စရာတွေများတယ်၊ ဂိုးတွေလည်း ရနေပေမယ့် ကျနော်တို့ အသင်းက ဂိုးတွေ ပေးနေရတဲ့ ပြဿနာတွေ ရှိနေဆဲပါ။ ကလော့ပ်က ကွင်းလယ်ကို ဖြေရှင်းဖို့ လိုနေဆဲဖြစ်ပြီး နံပါတ် ၆ သမား လိုနေဆဲပါ။ အဲ့တာကလွဲရင် လီဗာပူးအသင်းမှာ အရည်အချင်းတွေ အပြည့်ရှိနေပြီး အာဆင်နယ်ကို ယှဉ်နိုင်ပါတယ်။