အတူပူးပေါင်း မဆောင်ရွက်ရင် VAR စနစ်ကြောင့် ရမှတ်တွေ ထိခိုက်နေကြဦးမယ်ဆိုတာ ပြိုင်ဘက်တွေ သိနားလည်လောက်ပါပြီ

တော်တင်ဟမ်နဲ့ လီဗာပူးပွဲမှာ ဖြစ်ခဲ့တဲ့ ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေရဲ့ အံ့ဖွယ်လိလိ မှားယွင်းမှုအတွက် အသင်းဘက်က ရှေ့ထွက် ရင်ဆိုင်ချိန်မှာ ပြိုင်ဘက်တိုင်းက အတူ ရှိမနေခဲ့ပါဘူး။

ဒီယက်ဇ်ရဲ့ သွင်းဂိုး မှားယွင်းစွာ မပေးခဲ့ခြင်းကို ထိပ်တိုက် ဖြေရှင်းမယ်လို့ အသင်းဘက်က စာထုတ်ခဲ့စဉ်မှာ တုန့်ပြန်ချက်ဟာ ရင့်သီးကြောင်း ပရီးမီးယားလိဂ် သုံးသပ်သူ ဂယ်ရီနဗီးက ဝေဖန်ခဲ့တယ်။ ပြိုင်ဘက် နည်းပြအချို့ကလည်း အမှားဆိုတာ လူတိုင်း လုပ်မိကြောင်း တုန့်ပြန်ခဲ့ကြပါတယ်။

ဘန်လေနည်းပြ ကွန်ပနီက ဆိုရင် “ လူသားတွေဆိုတာ အမှားလုပ်မိကြပါတယ်။ ပွင့်လင်းမြင်သာမှု ရှိတာကို ကျနော် သဘောကျတယ် ဒါတွေကပဲ လူတွေကို ရှေ့ရောက်လာစေတာပါ၊ ကိုယ်လုပ်ခဲ့တဲ့ အမှားတွေကို သင်ယူဖို့ ဒီလို ဗီဒီယိုတွေကနေ လေ့လာရမှာပါပဲ။

ပရီးမီးယားလိဂ်ပွဲတွေကို သင်ယူဖို့အတွက် ငယ်ရွယ်တဲ့ ဒိုင်တွေအတွက်က အချိန်တစ်ခုတော့ ယူရမှာပါ။ အချိန်ကြာလာရင် ပိုကောင်းတဲ့ရလဒ်တွေနဲ့ ပြောင်းလဲလာမှာ သေချာပါတယ်။ ကျနော်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရတော့ ကျနော်တို့ အားလုံး အမှားလုပ်မိတတ်ကြပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာပါ။

လီဗာပူးအသင်းဟာ ဒီယက်ဇ်ဖြစ်ရပ်ကနေ ဒိုင်တွေကို ဖိအားပေးခြင်းဖြင့် အခြားသော ကလပ်တွေအတွက်လည်း တူညီတဲ့ အခြေအနေမျိုးတွေမှာ သေချာလေး အကူအညီဖြစ်စေဖို့၊ တူညီတဲ့ အမှားမျိုး ထပ်မဖြစ်လာဖို့ ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ပြင်းထန်တဲ့ တစ်ပတ်ကြာ စောဒကတက်မှုတွေ အပြီး ဒိုင်တွေဘက်က VAR ခန်းက ဘာဆွေးနွေးခဲ့ကြလဲ ဆိုတဲ့ ဗီဒီယိုဖိုင်အား လူရှေ့ကို ချပြလာခဲ့ပါတယ်။ လီဗာပူးရဲ့ အားထုတ်မှုကြောင့် VAR စနစ်ဟာ အနည်းငယ် အပြောင်းအလဲ ဖြစ်ခဲ့ကာ ပရီးမီးယားလိဂ် ကလပ်တွေအတွက် အကျိုးဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်မှာတော့ VAR ဒို်င်တွေရဲ့ ဆုံးဖြတ်ချက်ဟာ မန်ချက်စတာ ဒါဘီမှာကော၊ ဘုန်းမောက် vs ဘန်လေ ပွဲမှာပါ အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။ကွန်ပနီကဆိုရင် ပွဲချိန်တွင်း VAR ဆုံးဖြတ်ချက်တွေအတွက် ဒိုင်တွေထံက ဖြေရှင်းပြမှုကို လိုချင်ကြောင်း ကွန်ပလိန်းတက်မှုပါ လုပ်ခဲ့ရတယ်။

ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေဟာ ဘယ်တုန်းကမှ သင်ယူမှု မလုပ်ခဲ့ဘူးဆိုတာ ကိုယ်တိုင် ခံစားခဲ့ရတဲ့ ပြိုင်ဘက်အသင်းတွေလည်း သိနားလည်သွားကြပြီး နောက်ခါများမှာ အတူပူးပေါင်းကြမယ်လို့ မျှော်လင့်ပါတယ်။