

ဒီညမှာတော့ ကာရာဘောင်းဖလား စတုတ္ထအဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။ ၁၆ သင်း သာ ကျန်တော့တဲ့ ဒီအဆင့်မှာ ပရီးမီးယားလိဂ် အသင်းတွေချင်း ရင်ဆိုင်ရတာတွေ ရှိနေပြီး လီဗာပူးအသင်းကလည်း ဘုန်းမောက်နဲ့ တွေ့ဆုံနေပါတယ်။
လီဗာပူးက အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ပွဲချိန်ကတော့ ဒီနေ့ (ဗုဒ္ဓဟူးနေ့) ည ၂:၁၅ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားရမှာပါ။
လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါက ဘုန်းမောက် – လီဗာပူးတို့ရဲ့ ကာရာဘောင်းဖလား ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။
” ဒီပွဲကတော့ ကျွန်တော် မှန်အောင် ခန့်မှန်းမှ ရမယ်။ ကျွန်တော်ကတော့ လီဗာပူး အနိုင်လို့ပဲ ပြောချင်ပါတယ်။ ပွဲကတော့ အကြိတ်အနယ် ရှိမှာပါ။
ဒီပွဲမှာ လီဗာပူးက ပွဲထွက် လူစာရင်း အပြောင်းအလဲတွေ အများကြီး လုပ်လိမ့်မယ်။ ဒါပေမယ့် ရလဒ်ကောင်း ယူနိုင်လောက်အောင် သူတို့ အရန် လူစာရင်း ကလည်း တောင့်ပြီးသားပါ။ ဒီပြိုင်ပွဲကနေ မန်ချက်စတာ စီးတီးက ထွက်ရပြီး ဖြစ်တာကြောင့် ကျန်တဲ့ အသင်းတိုင်းက ဒီဖလားကို ယူဖို့ မျှော်မှန်းနေကြပြီ။
ယာဂင်ကလော့ပ် အနေနဲ့ ဒီပွဲမှာ အဓိက ကြယ်ပွင့် ကစားသမားတွေကိုလည်း ခေါ်ချလာပြီး အရန်ခုံမှာ အသင့် ပြင်ထားစေပါလိမ့်မယ်။ ” လို့ ကာရေဂါက သုံးသပ် ပြောဆိုထားပါတယ်။
ဂျင်မီ ကာရေဂါရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ ဘုန်းမောက် ၁-၂ လီဗာပူး ဖြစ်ပါတယ်။