

လီဗာပူးအသင်းဟာ ဘုန်းမောက်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ ဂက်ပို၊ ဒါဝင်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၁ ဖြင့် အနိုင်ရကာ ကွာတားအဆင့်ကို တက်ရောက်သွားပါတယ်။ ကွာတားဖိုင်နယ်မှာတော့ လန်ဒန်ကလပ် ဝက်စ်ဟမ်းနဲ့ ထိပ်တိုက်တွေ့နေပါတယ်။
ဒါဝင်နူးညက်စ်က ၃ ပွဲဆက် အဖြစ် ဘုန်းမောက်ပွဲမှာ ဂိုးသွင်းခဲ့ပါတယ်။ သူက လေတိုက်နှုန်းကို အသုံးချပြီး ဂိုးသွင်းယူခဲ့တာလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကို ကလော့ပ်ကတော့ တိုက်စစ်သမားကိုပဲ ကိုယ်တိုင် မေးကြည့်ဖို့ တုန့်ပြန်ခဲ့ပြီး သူကတော့ ဂိုးကို ပျော်ပျော်ကြီးပဲ ကြည့်နေမိတယ်လို့ ဆိုပါတယ်။
Darwin Nunez, you are that guy. pic.twitter.com/4InorQGxdT
— Kloppholic (@Kloppholic) November 1, 2023
ဘုန်းမောက်ပွဲမှာ တိုက်စစ်မှူးဆာလာဟာ လီဗာပူး ကစားသမားဘဝ ပထမဆုံး အကြိမ် အသင်းခေါင်းဆောင် အဖြစ် ပွဲထွက်သွားတာ ဖြစ်ပါတယ်။
မနက်ကပွဲအတွင်း ပရိသတ်တွေ မဲပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ခံစစ်မှူး ကွမ်းဆက်က ရရှိသွားပါတယ်။
လူငယ်ခံစစ်မှူး ကွမ်းဆက်ဟာ ကာရာဘောင်းနိုင်ပွဲအတွင်း ဝေဖန်သုံးသပ်သူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး ကလော့ပ်က ကျောက်ကောင်းတစ်လုံး ရှာတွေ့ခဲ့ပြန်ပြီလို့ ထင်မြင်ချက်တွေ ရခဲ့ပါတယ်။
ဘုန်းမောက်ပွဲအပြီး လီဗာပူးကို လေကြောင်းဖြင့် ပြန်ဖို့ စီစဉ်ထားပေမယ့် ရာသီဥတု ဆိုးရွားမှုကြောင့် ကားနဲ့ပဲ ပြန်ရတော့မှာပါ။ ခရီးရှည်ကြီးကို ပြန်ရမယ်ဆိုပေမယ့် နောက်တစ်ဆင့် တက်သွားတဲ့ ပီတိကြောင့် ကောင်းကောင်းပြန်နိုင်မယ်လို့ နည်းပြကလော့ပ်က မှတ်ချက်ပေးပါတယ်။
ဆိုဘိုစလိုင်ဟာ သူ့ရဲ့ လီဗာပူး ကစားသမားဘဝ ပထမဆုံး အကြိမ်အဖြစ် တောင်ပံတိုက်စစ်သမား နေရာက ပွဲထွက်ခဲ့ပါတယ်။ ဆိုဘိုဟာ လိုက်ဇစ်မှာတုန်းက ညာတောင်ပံနေရာ ပုံမှန် ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။
မနက်က ကာရာဘောင်း အခြားသော ပွဲစဉ်မှာ မန်ယူနိုက်တက်က နယူးကာဆယ်ကို ၃-၀ ဖြင့် အရေးနိမ့်သွားကြောင်း ရလဒ်ကို ကြားသိရချိန် ကလော့ပ်က အတော်လေး အံ့ဩသွားခဲ့ပါတယ်။
ကိုလံဘီယာ စူပါစတား Feid/Ferxxo က တီဗီရှိုးအစီအစဉ်မှာ ဒီယက်ဇ်က သူ့ကို လက်ဆောင်ပေးခဲ့တဲ့ လီဗာပူးဂျာစီနဲ့အတူ ဖခင်ဖြစ်သူ ပျောက်ဆုံးနေမှုနဲ့အတူ ခက်ခဲမှုတွေ ရင်ဆိုင်နေရတဲ့ တိုက်စစ်သမားဘက်က ရှိနေကြောင်း အားပေးစကား ပြောဆိုသွားပါတယ်။
ဆာလာနဲ့ လီဗာပူးအသင်းကြား စာချုပ်သစ် သက်တမ်းတိုးခြင်း ကိစ္စကို ဘယ်လို ညိနှိုင်းမှု လုပ်ခဲ့လဲ ဆိုတာအတွက် Harvard University မှာ ဆာလာရဲ့ အေးဂျင့် Ramy Abbas က တက်ရောက် လက်ချာပေးမှု ပြုလုပ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကမ်မစ်ဟာ စာချုပ်သစ် သက်တမ်းမတိုးဘဲ ၂၀၂၄ မှာ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ သူ့ကို ခေါ်ယူဖို့ လီဗာပူးအသင်း စိတ်ဝင်စားခဲ့ဖူးပါတယ်။