ကွင်းထဲက လှောင်ပြောင်သူတွေ စက္ကန့်ပိုင်းအတွင်း ပါးစပ်ပိတ်သွားအောင် လုပ်ပေးလိုက်တဲ့ ဒါဝင်

လီဗာပူးက ဘုန်းမောက်ကို အဝေးကွင်းမှာ ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာတော့ ဒါဝင် နူးညက်စ်က လူစားဝင် တိုက်စစ်သမားအဖြစ် ကွင်းထဲ ဝင်ရောက်လာပြီး အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာ ဟာဗေးအစား ဝင်လာတဲ့ ဒါဝင်ဟာ နောက်ထပ် ၁၀ မိနစ်အကြာမှာပဲ ဦးဆောင်ဂိုးကို သွင်းယူခဲ့တာပါ။ ကစားကွင်းထဲမှာ လေကြမ်းတွေ အရမ်းတိုက်နေခြင်းက ဒါဝင်ရဲ့ ကန်ချက် ပိုလှပဖို့တောင် အကူအညီဖြစ်စေခဲ့သလား ပါပဲ။

ကွင်းလယ် အတွင်းလူ နေရာကနေ ထရန့်ရဲ့ ဖြတ်တင်ဘောကို ဒါဝင် ဖမ်းထိန်းချိန်မှာ ဘောလုံး ချော်ထွက်သွားလို့ ဘုန်းမောက်ပရိသတ်တွေက ဟားတိုက်ခဲ့ကြတယ်။

ဒါပေမယ့် ဒါဝင် ဘောလုံး ပြန်ဆယ်ရင်း ဘယ်ခြမ်းကနေ ဆွဲယူလာပြီး ဧရိယာထောင့်ကနေ လှလှပပ ကန်သွင်းကာ သွင်းဂိုး ရယူချိန်မှာတော့ လီဗာပူးပရိသတ်တွေရဲ့ နူးညက်စ် နူးညက်စ်ဆိုတဲ့ အော်ဟစ်သံတွေကလွဲရင် တစ်ကွင်းလုံး တိတ်ဆိတ်သွားခဲ့ပါတယ်။

မနှစ်ကရာသီတုန်းက လီဗာပူးသမိုင်းမှာ အဆိုးရွားဆုံး လက်မှတ်ထိုးမှုလို့ လှောင်ပြောင်ခံခဲ့ရတဲ့ ဒါဝင်ဟာ ဒီရာသီ ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ကိုယ်တိုင် ၇ ဂိုး သွင်းပြီး ဂိုးထောက်ပံ့မှု ၅ ကြိမ် လုပ်ထားပါပြီ။ ဒါတောင် ဒါဝင်ဟာ မိနစ် ၉၀ အပြည့်တွေ ကစားနေရတာ မဟုတ်ဘဲ စုစုပေါင်းမှ ပွဲချိန် ၆၇၇ မိနစ်ပဲ ကစားထားရတာ ဖြစ်ပါတယ်။

၁၂ လအတွင်းမှာ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ပြောင်းလဲသွားရသလဲ ဆိုတဲ့ မှတ်ချက်တွေနဲ့အတူ အခုဆိုရင်တော့ ဒါဝင်ရဲ့ မုန်တိုင်းလို ဝင်မွှေနေမှုကြောင့် လှောင်ပြောင်သံတွေအစား အားကျသံတွေပါ ထွက်လာနေခဲ့ပါပြီ။