ဒါဝင် ဂိုး ၃၀ သွင်းလည်း အထင်ကို မကြီးတာ ဆိုတဲ့ သတင်းထောက်အား လီဗာပူး အသိုင်းအဝိုင်းဘက်က တုန့်ပြန်

လီဗာပူး တိုက်စစ်မှူး ဒါဝင် နူးညက်စ်ဟာ ပြိုင်ပွဲစုံ ၃ ပွဲဆက် ဂိုးသွင်းနိုင်ခြင်းနဲ့အတူ ဒီရာသီမှာ ကိုယ်တိုင် ၇ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၅ ကြိမ် လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

မနက်က ဘုန်းမောက်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ကာရာဘောင်းပွဲမှာလည်း လီဗာပူးအသင်း ကွာတားဖိုင်နယ်ထံ တက်ရောက်နိုင်မယ့် သွင်းဂိုးကို လှလှပပ သွင်းယူပြခဲ့တာပါ။ အင်္ဂလန်ကို ဒါဝင် မုန်တိုင်း တိုက်ခတ်နေပြီဆိုတဲ့ အများက ချီးကျူးနေကြပေမယ့် အများနဲ့မတူ တမူထူးမှ ဆရာကြီးလို့ ယူဆသူတစ်ဦးကတော့ ဒါဝင်ကို အထင်မကြီးကြောင်း အခုလို ဖော်ထုတ်လာခဲ့တယ်။

Goal ရဲ့ ဂျာနယ်လစ်ဟောင်း ဖြစ်သလို လက်ရှိမှာ ဘောလုံးဆိုင်ရာ အပြောင်းအရွှေ့ ချန်နယ်တစ်ခုရဲ့ အယ်ဒီတာလည်းဖြစ်တဲ့ Robin Bairner က

” ဒီရာသီ ဒါဝင် နူးညက်စ် ဂိုး ၃၀ လောက် သွင်းကောင်း သွင်းလိမ့်မယ်၊ ဒါပေမယ့် ဘုန်းမောက်ပွဲ သွင်းဂိုးမတိုင်ခင် သူ့ရဲ့ ဆိုးရွားတဲ့ first touch မျိုးနဲ့တော့ ကမ္ဘာ့အဆင့် တိုက်စစ်သမားဆိုပြီး ငါ့ကို လာမပြောကြနဲ့ ” လို့ X လူမှုကွန်ယက်ကနေ မှတ်ချက်ပေးခဲ့တာပါ။

သူ့ရဲ့ ဖော်ပြချက်ကို လီဗာပူးပရိသတ်တွေက သဘောမကျဟန်တွေ မြင်လာရချိန်မှာ Robin Bairner ကပဲ ” သိပ်ပြီး စိတ်မပူကြနဲ့ ငါဆိုတဲ့ကောင်က ဒါဝင် မပြောနဲ့ ဟာလန်းလို ကစားသမားကိုတောင် ဘလွန်းဒီအောဆု မရသင့်ဘူးလို့ ဝေဖန်လာတဲ့ကောင် ” လို့ပြီး ဘဝင်လေဟပ်နေသံဖြင့် ထပ်ပြောခဲ့တာပါ။

အဲ့နောက်မှာတော့ လီဗာပူး သတင်းထောက်တွေကလည်း မြင်ပြင်းကပ်လာဟန်နဲ့ သူ့ကို ဝိုင်းပြီး တုန့်ပြန်ကြပါတော့တယ်။

နာမည်ကျော် TIA အကောင့်က ” လေပြင်းမုန်းတိုင်းတွေကြားမှာ မင်း ဘောလုံး မကန်ဖူးဘူးဆိုတာ ဝန်ခံလိုက်စမ်းပါ၊ ဒါမျိုးပွဲတွေ တင်ဆက်တဲ့ အတွေ့အကြုံလည်း မရှိဘူး မဟုတ်လား ” လို့ ဆိုခဲ့တယ်။ (မနက်တုန်းက လေအရမ်းကြမ်းနေလို့ လီဗာပူးအသင်းရဲ့ အိမ်အပြန် လေကြောင်း ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်)

Echo သတင်းထောက် Paul Gorst ကတော့ ” လေပြင်းမုန်တိုင်းကြား ကစားရတဲ့ ပွဲစဉ် တစ်ပွဲမှာ ဂိုး ၃၀ လောက် သွင်းနိုင်မယ့် အလားအလာရှိသူ တစ်ဦးကို အထင်မကြီးမိဘူးလို့ ပြောနေကတည်းက ကစားသမား တစ်ယောက်အပေါ် မင်းရဲ့ အကဲဖြတ်နိုင်စွမ်းက သိသာနေပါပြီ ” လို့ တုန့်ပြန်ခဲ့ကြတယ်။

တချို့ ပရိသတ်တွေကတော့ ပြတ်ပြတ်သားသားပဲ ” အဲ့ဆို ၂၉ ဂိုးပဲ သွင်းမယ်၊ first touch အရမ်းကောင်းတဲ့ ကစားသမားမျိုးကိုကောကွာ။ ”

” မင်းဘာသာ တစ်လ ဆောင်းပါး အပုဒ် ၃၀ လောက်ပဲ ရေးရေး၊ မင်းကို ဂျာနယ်လစ်ကောင်း တစ်ယောက်အဖြစ် တစ်စက်မှကို အထင်မကြီးတာကွာ။ ”

” မနေ့တုန်းကပွဲမှာ ရာသီဥတု အခြေအနေ မကောင်းလို့ ကစားသမားတွေ အများကြီး ဘောလုံးထိန်းဖို့ ခက်ခဲနေခဲ့တာပါကွာ။ မင်း ပွဲမကြည့်ဘဲ ဂိုးသွင်းတဲ့ ဟိုက်လိုက်လောက် ကြည့်ပြီး ခပ်ပိန်းပိန်းတွေ လာသုံးသပ် မနေပါနဲ့။ ”

” သတင်းထောက်ကြီးတွေတောင် ဒါဝင် ကောင်းကြောင်း ရေးမလောက်ဖြစ်နေတာကို မင်းလို ပေါက်စ တစ်ယောက်က ကစားသမားကို ချိုးနှိမ့်လို့လည်း ဘာမှ မထူးပါဘူး။ သူက ပြီးခဲ့တဲ့ ၁၂ လတုန်းကနဲ့ မတူညီတဲ့သူ အဖြစ် ပြောင်းလဲလာတာကို အားလုံး မြင်နေကြပါပြီ ” လို့ တုန့်ပြန်ခဲ့ကြတယ်။

ကွင်းလယ် အတွင်းလူ နေရာကနေ ထရန့်ရဲ့ ဖြတ်တင်ဘောကို ဒါဝင် ဖမ်းထိန်းချိန်မှာ ဘောလုံး ချော်ထွက်သွားလို့ ဘုန်းမောက်ပရိသတ်တွေကလည်း ဟားတိုက်ခဲ့ကြတယ်။ ဒါပေမယ့် ဒါဝင် ဘောလုံး ပြန်ဆယ်ရင်း ဘယ်ခြမ်းကနေ ဆွဲယူလာပြီး လှလှပပ အဆုံးသတ်ကာ လှောင်ရယ်သံတွေကို တိတ်ဆိတ်စေခဲ့တာ ဖြစ်ပါတယ်။