

လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ကစားထားတဲ့ ၂၆ ပွဲမှာ ၁ ပွဲပဲ အရေးနိမ့်ထားပါတယ်။ အဆိုပါ ရှုံးပွဲကတော့ ဒီယက်ဇ်ဂိုး ပယ်ဖျက်ခံရသလို ၂ ယောက်လျော့ဖြင့် ကစားခဲ့ရတဲ့ စက်တင်ဘာလတုန်းက စပါးပွဲဖြစ်ပါတယ်။
အောက်တိုဘာလရဲ့ ပရီးမီးယားလိဂ် Save of the Month ဆု ဆန်ကာတင် စာရင်းမှာ ဘရိုက်တန်ပွဲမှာ ပြိုင်ဘက်ရဲ့ ထိုးဖောက်မှုကို ဟန့်တားခဲ့တဲ့ လီဗာပူး ဂိုးသမား အယ်လီဆန်ရဲ့ ကာကွယ်မှုလည်း ပါဝင်နေပါတယ်။
နည်းပြကလော့ပ်နဲ့ တိုက်စစ်မှူးဆာလာတို့ကလည်း အောက်တိုဘာလ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆုအတွက် ဆန်ကာတင်စာရင်းထဲ ပါဝင်နေကြပါတယ်။
ပုံစံကောင်းတွေ ပြသလာနေတဲ့ ဒါဝင် နူးညက်စ်ကို ပံ့ပို့မှုတွေ လုပ်ပေးဖို့ အသင်းဖော်တွေက အဆင်သင့်ရှိနေတယ်လို့ ဂက်ပိုက ထုတ်ပြောသွားပါတယ်။
အသင်းဟာ တစ်ပတ် ၂ ပွဲ ကစားနေရတာမို့ အနိုင်ရရေး ကစားသမားတွေကို အလှည့်ကျ သုံးနေရကြောင်းနဲ့ ပွဲထွက်ခွင့် ရသည်ဖြစ်စေ မရဘူးဖြစ်စေ ကွင်းထဲ ဝင်ဖို့ အမြဲတမ်း အသင့်ပြင်ထားကြကြောင်း ဝါနာရု အန်ဒိုက ပြောလာပါတယ်။
ဒီယက်ဇ်ရဲ့ ဖခင်ကို ပျောက်ကျားအဖွဲ့တစ်ခုက ဖမ်းဆီးသွားတာဖြစ်ကြောင်း ဗြိတိန်သံရုံးက တစ်ဆင့် ကိုလံဘီယာ အာဏာပိုင်တွေက အတည်ပြုပါတယ်။ ဂိုဏ်းတွေကို အဓိက ကြိုးကိုင်တဲ့ အဖွဲ့အစည်းကြီးဘက်ကတော့ ကစားသမားရဲ့ ဖခင် အဖမ်းခံထားရတာ မှန်ရင် မကြာခင် ပြန်လွတ်ပေးနိုင်ကြောင်း အသံထွက်နေပါတယ်။
လီဗာပူးအသင်းဟာ ဘွန်ဒက်လီဂါလိဂ်တွေမှာ ကျင်လည်ခဲ့တဲ့ Max Eberl ကို အားကစားဒါရိုက်တာ အဖြစ် တာဝန်ပေးဖို့ ချဉ်းကပ်ဖွယ် မရှိတော့ပါဘူး။ Max Eberl ဟာ ဘိုင်ယန်မြူးနစ်ထံ ရောက်ဖို့ ပိုအလေးသာနေခဲ့ပါပြီ။
ချန်ပီယံရှစ်ကလပ် ပရီစတန်အသင်းထံ အငှားထွက်နေတဲ့ ကယ်ဗင် ရမ်ဆေးဟာ ပထမအသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်ခဲ့ပြီ ဖြစ်ပါတယ်။
လီဗာပူးအပါအဝင် ထိပ်တန်းကလပ်တွေ စိတ်ဝင်စားနေတဲ့ အသက် ၁၇ နှစ်အရွယ် ကြယ်ပွင့်လေးဟာ ဘရာဇီးကလပ်နဲ့ ၂၀၂၆ ခုနှစ်ထိ သက်တမ်းတိုးခဲ့ကာ စာချုပ်မှာတော့ ယူရို ၅၅ သန်းပေးမှ ခေါ်ယူနိုင်မယ့် အချက် ထည့်သွင်းခဲ့ပါတယ်။