အခွင့်အရေးလား? အကြပ်အတည်းလား? ၁၃ ရက်အတွင်း ပြိုင်ပွဲစုံ ၅ ပွဲ ယှဉ်ပြိုင်ရမယ့် လီဗာပူး

လီဗာပူးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ ယှဉ်ပြိုင်ကစားရမယ့် ကာရာဘောင်း ကွာတားဖိုင်နယ် ပွဲစဉ်အတွက် ရက်စွဲ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးက အိမ်ရှင်အဖြစ် ဧည့်ခံ ယှဉ်ပြိုင်ရမယ့် အဆိုပါပွဲဟာ မျှော်လင့်ထားကြသလိုပဲ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ အဆိုပါပွဲဟာ မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်တို့နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲကြားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲစုံအဖြစ် ကာရာဘောင်း၊ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ် ပွဲစဉ်တွေကို ၁၃ ရက်အတွင်း ၅ ပွဲ ယှဉ်ပြိုင်သွားရမှာပါ။

  • Union SG (A) – Europa League – December 14
  • Man United (H) – Premier League – December 17
  • West Ham (H) – League Cup – December 20
  • Arsenal (H) – Premier League – December 23
  • Burnley (A) – Premier League – December 26

သတင်းဆိုးကတော့ အသင်းဟာ ၃ ရက် တစ်ပွဲနှုန်းဖြင့် ပွဲဆက်တွေကို ကျော်ဖြတ်ရမှာမို့ ပွဲပန်းနိုင်ပါတယ်။ ပွဲကစားချိန်ကို ကောင်းကောင်းမစီမံနိုင်ရင် ဒဏ်ရာ ပြဿနာတွေ များပြားနိုင်တာမျိုး ရှိလာနိုင်ပါတယ်။

သတင်းကောင်းကတော့ ပွဲကစားခွင့် နည်းပါးတဲ့သူတွေကို နေရာချပေးလို့ ရနိုင်ပါတယ်။ မန်ယူနိုက်တက်ပွဲ မတိုင်ခင် ယူနီယံစိန့်အသင်းနဲ့ အဝေးကွင်းပွဲလောက်မှာ ရှုံးထွက်ကို တက်ရောက်နေလောက်ပြီမို့ အဓိက ကစားသမားတွေကို အနားပေးထားလို့ ရပါတယ်။

ကာရာဘောင်း ပြိုင်ဘက် ဝက်စ်ဟမ်းကလည်း ယူရိုပါလိဂ် ပြိုင်ပွဲကြောင့် ပွဲကြပ်နေပြီး အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲကို လူစာရင်းအပြည့်ဖြင့် ထွက်လာနိုင်ဖွယ် မရှိပါဘူး။

ကလော့ပ် ဦးဆောင်တဲ့ နည်းပြအဖွဲ့က ဒီဇင်ဘာကို မှန်မှန်ကန်ကန် စီမံနိုင်မယ်ဆိုရင် ဆုဖလား မျှော်လင့်ချက်တွေအတွက် တွန်းအားတစ်ခုတောင် ဖြစ်သွားနိုင်ပါတယ်။

လက်တလောမှာ ရော်ဘတ်ဆန်၊ ဘာ့ဆဲတစ်နဲ့ သီယေဂိုတို့ ဒဏ်ရာ ပြဿနာ ရှိနေပေမယ့် အသင်းရဲ့ အမာခံ အစုအဖွဲ့ကို ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ ကလပ်ဟာ ဒီရာသီမှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဦးစားပေးဖွယ် ရှိပါတယ်။