လီဗာပူးအသင်း ဆွန်ယောင်မင်ကို ခေါ်ယူဖို့ အတော်လေး နီးစပ်ခဲ့ပေမယ့် မရခဲ့တဲ့ အကြောင်းရင်း

လီဗာပူးအသင်းဟာ စပါးအသင်းရဲ့ လက်ရှိ အသင်းခေါင်းဆောင် ဆွန်ယောင်မင်ကို ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်ခဲ့သေးကြောင်းကို ဗြိတိန်သတင်းဌာန The Telegraph က ဖွင့်ချလာခဲ့ပါတယ်။

နည်းပြယာဂင်ကလော့ပ်ဟာ တိုက်စစ်မှူး ဆွန်ယောင်မင်ကို အတော်လေး အထင်ကြီးသူဖြစ်ကာ တောင်ကိုရီးယားသားကို အန်ဖီးထံ ခေါ်ယူရေး မီးစိမ်းပြခဲ့တာပါ။ ဒါပေမယ့်လို့ ချန်ပီယံလိဂ်ပြိုင်ပွဲထံ ပါဝင်ယှဉ်ပြိုင်ခွင့်ကြောင့် ဆွန်ကို ခေါ်ယူရေး လက်လွတ်ခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်တုန်းက စပါးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် အာဆင်နယ်နဲ့ ယှဉ်ပြိုင်နေရပြီး အရေးမသာတဲ့ အခြေအနေဖြစ်နေခဲ့တာပါ။ နည်းပြကွန်တီလက်အောက် ခက်ခဲမှုနဲ့အတူ နောက်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် မရရင် ဆွန်ဟာ စပါးအသင်းနဲ့ လမ်းခွဲဖို့ အဆင်သင့် ဖြစ်နေခဲ့ပါတယ်။

ဒါကြောင့်ပဲ ဆွန်ကို ခေါ်ယူရေး လီဗာပူးအသင်းဘက်က ဆက်တိုက် ကြိုးစားနေခဲ့ကာ စပါးကနေ ထွက်ခဲ့ရင် ဆွန်ဟာ နည်းပြကလော့ပ်နဲ့ ပူးပေါင်းဖို့ ဖြစ်လုနီးပါး အခြေအနေထိ ရောက်ခဲ့ပါတယ်။

သို့ပေမယ့်လို့ အာဆင်နယ်တို့ ခြေချော်သွားပြီး စပါးအသင်း ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ခြင်းနဲ့အတူ ဆွန်ကို ခေါ်ယူဖို့ ခက်ခဲခဲ့ပါတယ်။ ၂၀၂၂ နွေမှာ မာနေးနေရာ အစားထိုးဖို့ လီဗာပူးအသင်းက ဆွန်ကို အားထုတ် ကြိုးစားခဲ့ပေမယ့် ကစားသမားကတော့ လန်ဒန်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့နောက်ပိုင်းမှာ လီဗာပူးအသင်းဟာ တိုက်စစ်မှူး ၂ ဦး ခေါ်ယူခဲ့ပြီး ဒါဝင် နူးညက်စ်နဲ့ ဂက်ပိုတို့ အသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။