ကလော့ပ်ကို ကာလရှည် ပွဲပယ်ပြီး လီဗာပူးအသင်းအား အမှတ်လျှော့ဖို့ ဒိုင်အဖွဲ့တွေ ဆွေးနွေး

လီဗာပူးနည်းပြကလော့ပ်ဟာ စပါးကို အနိုင်ရတဲ့ပွဲအတွင်း ကွင်းလယ်ဒိုင် တီယာနေးနဲ့ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကြောင့် ဒီရာသီ ဒုတိယအကြိမ် ပွဲပယ်ခံရမှုကို ရင်ဆိုင်ရနိုင်ပါတယ်။

ဒီရာသီမှာ ကလော့ပ်ဟာ မန်စီးတီးကို ၁-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ဆာလာကို ထိခို်က်စေတဲ့ ကိစ္စအား အရေးယူဖို့ ပျက်ကွက်တဲ့ စည်းကြပ်ဒိုင်ကို ပြင်းထန်စွာ ပေါက်ကွဲခြင်းကြောင့် ပွဲပယ် ပြစ်ဒဏ် ရင်ဆိုင်ရဖူးတာ ဖြစ်ပါတယ်။

ပွဲနေ့ဒိုင်လူကြီးများအဖွဲ့က စပါးပွဲအတွင်း ဒိုင်အဖွဲ့တွေ ပြောဆိုထားတဲ့ မိုက်ခရိုဖုန်းကို စစ်ဆေးနေပြီး ကလော့ပ် ကိစ္စအတွက် စုံစမ်းနေပါတယ်။ ကလော့ပ်က တီယာနေးကို ကွင်းအတွင်း ပေါက်ကွဲစကား ပြောခဲ့သလို ပွဲအပြီးမှာလည်း ဒိုင်လူကြီးဟာ ပရော်ဖက်ရှင်နယ် မဆန်တဲ့ အပြုအမှုတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

အက်ဖ်အေကတော့ ကလော့ပ်နဲ့ တီယာနေး ဘာပြောခဲ့လဲ ဆိုတဲ့ ကိစ္စအတွက် စည်းမျဉ်းစည်းကမ်းအရ ဆုံးဖြတ်ပြီးရင် လူသိထင်ရှား ထုတ်ပြဖွယ်ရှိပါတယ်။ အဆိုပါ အသံဖိုင်ကို ဒိုင်အဖွဲ့ အတွင်းလူတစ်ဦးကတော့ ရှင်းလင်းတဲ့ သက်သေတစ်ခုအဖြစ် မှတ်ချက်ပေးထားပါတယ်။

ဒါ့အပြင် စေတနာဝန်ထမ်း ဒိုင်လူကြီးများဆိုင်ရာ စီအီးအို Martin Cassidy ကလည်း ဒီဖြစ်ရပ်အတွက် ဒဏ်ကြေး ပေးဆောင်စေတာနဲ့တင် အပြီးမသတ်ဖို့ တောင်းဆိုထားတယ်။ ငွေဒဏ်ဟာ ထိရောက်မှာ မဟုတ်ခြင်းနဲ့အတူ လီဗာပူးအသင်းကို ငွေဒဏ်အစား အမှတ်လျှော့ပြီး ကလပ်တွေ ပါးစပ်ပိတ်အောင် သတိပေးဖို့ တိုက်တွန်းပါတယ်။

ဒီနှစ်တွေအတွင်း ဒိုင်လူကြီးတွေကို စောဒက ပြန်တက်မှုအတွက် နည်းပြတွေကို ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခြင်းဟာ ကိစ္စတွေအား ရပ်တန့်အောင် မလုပ်နိုင်တာမို့ အမှတ်လျော့ခြင်းကမှ ထိရောက်တဲ့ အပြစ်ပေးမှု ဖြစ်မယ်လို့ ၎င်းက ဆိုတာပါ။

ဒီကိစ္စအတွက် အက်ဖ်အေရဲ့ အတွင်းလူဘက်က ထွက်ပေါ်လာတဲ့ သတင်းအရတော့ ဒိုင်လူကြီးတွေကို တုန့်ပြန်ခြင်းနဲ့ ပတ်သက်ပြီး ကလပ်တွေကို အမှတ်လျော့ဖို့ လက်တလော စဉ်းစားနေခြင်း မရှိသေးဘူးလို့ သိရပါတယ်။