ဒီ ၂ နေရာမှ အားမဖြည့်ရင် ပရီးမီးယားလိဂ် ဖလား မမှန်းနဲ့ အဆင့် ၄ ပဲ အမြင့်ဆုံးလို့ ကာရေဂါ ထောက်ပြ

ဂျင်မီ ကာရေဂါကတော့ လူတန်တောင်ပွဲမှာ ဂိုးရဖို့ ရုန်းကန်ခဲ့ရသလို သွင်းဂိုး ခပ်လွယ်လွယ် ခွင့်ပြုခဲ့တဲ့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။

လူစားဝင် တိုက်စစ်သမား ဒီယက်ဇ်ရဲ့ သွင်းဂိုးကြောင့် ခြေပဂိုး ရခဲ့ပေမယ့် လီဗာပူးရဲ့ ခြေစွမ်းဟာ ပုံမှန်အောက်ကို ရောက်ခဲ့တာပါ။ အရှက်ကွဲလောက်တဲ့ အနေအထားထိ ရောက်ခဲ့ပြီး နာကျင် အချိန်ပိုမှ သရေ တစ်မှတ် ပြန်ရခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ဘက်တွေ ခြေချော်ချိန် အရယူဖို့ လိုအပ်တဲ့ တန်ဖိုးကြီး ရမှတ် ၂ မှတ်ကို ဆုံးရှုံးခဲ့လို့ လီဗာပူးက ဇယားထိပ်နဲ့ အမှတ်တွေ စပြတ်လာနေပါပြီ။ ကာရေဂါကတော့ အသင်းဟာ ထိပ်ဆုံး ၄ သင်း ဝင်ဖို့ပဲ စွမ်းဆောင်နိုင်မယ်လို့ မြင်သလို ဇန်နဝါရီမှာ နေရာ ၂ ခုအတွက် အားဖြည့်ဖို့ အကြံပေးခဲ့ပါတယ်။

‘ ကောင်တာ-တိုက်စစ်ကို ရပ်တန့်တဲ့ နေရာမှာ အခုချိန်ထိ လီဗာပူးက မန်စီးတီးလောက် မကောင်းပါဘူး။ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု ကောင်းပြီး ဘောလုံးတွေ ရပေမယ့် ဘောလုံးမရှိချိန်မှာ မန်စီးတီးလောက် မကောင်းပါဘူး။ ဒါကြောင့် မကြာခဏ ဘောလုံး ဆုံးရှုံးပါတယ်။

ပြိုင်ဘက်တွေက လီဗာပူးကို တိုက်ခိုက်ဖို့နဲ့ ကျော်ဖြတ် ပြေးလွှားဖို့ နေရာလွတ်တွေ ရှာနိုင်စွမ်း ရှိပါတယ်။ သွင်းယူနိုင်ခဲ့တဲ့ ဂိုးကလွဲရင် လူတန်က လီဗာပူးကို ထိုးနှက်ဖို့ အရည်အချင်း မရှိခဲ့ပါဘူး။

လီဗာပူးကွင်းလယ်က မနှစ်ကထက် တိုးတက်လာပေမယ့် သူတို့မှာ ကွင်းလယ် ခံစစ်သမား လိုနေဆဲပါ။ မက်ကယ်လစ္စတာက ထိပ်တန်း ကွင်းလယ် ခံစစ်သမား မဟုတ်ပါဘူး။ ဘောလုံး လက်ခံယူသူ နေရာမှာ သူကောင်းပေမယ့် ခံစစ်ပိုင်းက သူ့အတွက် ခက်ခဲပါတယ်။ သူက အရှိန်နည်းတဲ့ ကွင်းလယ်လူပါ။

ခံစစ် ၄ ယောက်တန်းမှာလည်း နှစ်နေရာလောက် ကစားနိုင်တဲ့ ခံစစ်မှူးကောင်း မရှိပါဘူး။ ထရန့်ကို အတွင်းထဲ ပို့ချင်တာမို့ ခံစစ်ပိုလုံမယ့် ဂိုးမက်စ်ကို ဘယ်ခြမ်းမှာ ထုတ်သုံးခဲ့တယ်။

လီဗာပူးက ပရီးမီးယားလိဂ်ကို စိန်ခေါ်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ အခုချိန်မှာ ယာဂင်ကလော့ပ်နဲ့ လီဗာပူး ပရိသတ်တွေက ဒါကို သိပါတယ်။ အသင်းက ထိပ်ဆုံး ၄ သင်းထဲ ပြန်ဝင်လာမှာပါ။ ဆုဖလား စိန်ခေါ်ဖို့ကတော့ ကွင်းလယ် အတွင်းလူနဲ့ ထိပ်တန်း ခံစစ်မှူး တစ်ဦး ထပ်လိုပါတယ် ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။