မာကာက 6 Role နဲ့ မကိုက်ဘူးလို့ ထင်နေကြပေမယ့် အလုပ်ဖြစ်နေကြောင်း သက်သေပြချက်

မက်ကယ်လစ္စတာဟာ လီဗာပူးအသင်းမှာ 6 Role သမားအဖြစ် တာဝန်ယူနေပြီး ဒီနေရာဟာ သူ့ရဲ့ အကောင်းဆုံး နေရာ မဟုတ်ဘူးလို့ ဝေဖန်ချက်တွေ ရှိနေပေမယ့် အချက်အလက်ပိုင်းတွေမှာတော့ အလုပ်ဖြစ်နေကြောင်း ညွှန်းဆိုနေပါတယ်။

အသင်းရဲ့ ပကတိ အခြေအနေကို သုံးသပ်ဖို့ဆိုရင် လီဗာပူးပရိသတ်တွေ အနေနဲ့ ကွင်းလယ် ခံစစ်ကိုပဲ အရမ်း အာရုံစိုက်ပြီး မာကာကို 6 Role ကနေ ဖယ်ထုတ်ဖို့ တစ်ခုတည်းကိုပဲ အသားပေး ထောက်ပြနေတာမျိုး ရှောင်ဖယ်ဖို့ လိုမယ်လို့ TIA ကနေ David Lynch က အသိပေးလာပါတယ်။

ဒီနွေမှာ နံပါတ် ၆ နေရာအတွက် ကိုင်ဆီဒိုကို မရခဲ့သလို ဖာဘင်ညိုကို လက်လွတ်ခဲ့ရတာမို့ အသင်းပရိသတ်တွေရဲ့ အာရုံစိုက်မှုဟာ ကွင်းလယ် အတွင်းလူ နေရာမှာပဲ ရှိနေပါတယ်။ လူတန်တောင်ကို သရေကျတဲ့ပွဲမှာ ကောင်တာ-တိုက်စစ် အဖောက်ခံရခြင်းအတွက် မာကာရဲ့ 6 Role ကို ထောက်ပြသူတွေ များပြားခဲ့တယ်။

ဩဇာရှိ မီဒီယာဖြစ်တဲ့ စကိုင်းစပေါ့ကနေ ကာရေဂါလို သုံးသပ်သူရဲ့ လီဗာပူးအသင်း နံပါတ် ၆ နေရာ ကစားသမားကောင်းမရရင် ချန်ပီယံ မဖြစ်နိုင်ဘူး ဆိုတဲ့ သုံးသပ်ချက်ကလည်း လီဗာပူးပရိသတ်တွေအပေါ် လွှမ်းမိုးမှု ရှိခဲ့ပါတယ်။

လူတန်ပွဲမှာဆိုရင် တစ်ဦးချင်း ယှဉ်လုမှု ၂၄ ကြိမ်မှာ မာကာက ၅ ကြိမ်ပဲ အောင်မြင်ခဲ့ပြီး ဒါဟာ အတွင်းလူ နေရာမှာ အာဂျင်တီးနား ကွင်းလယ်လူ ဆက်ကစားနေတာကို မမြင်လိုသူတွေ ကိုင်စွဲစရာ အချက်အလက်တွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လို့ အခြားသောဘက်ခြမ်းတွေက လေ့လာမှုအဖြစ် မာကာကို ပြိုင်ဘက် ကလပ်တွေမှ အတွင်းလူနေရာ တာဝန်ယူသူတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူတို့ လုပ်နိုင်သလောက်ကို လီဗာပူး ကွင်းလယ်လူကလည်း လုပ်ထားနိုင်ပါတယ်။

မာကာရဲ့ ကွင်းလယ်အတွင်းလူ နေရာက လုပ်နိုင်စွမ်းဟာ ဂွီးမားရက်စ်၊ ရိုဒရီ၊ ဒီကလန်ရိုက်စ်တို့လောက် ကောင်းမွန်မှုရှိပါတယ်။ သို့ပေမယ့် မာကာရဲ့ ဘောလုံးဝင်လုမှုက ပြိုင်ဘက်တွေထက် ပိုများတာမို့ မအောင်မြင်တဲ့ အရေအတွက် ပိုများတာတော့ ရှိပါတယ်။

နည်းပြကလော့ပ်ရဲ့ ကွင်းလယ် အခြေခံကောင်း တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေဆဲ ကာလမှာ အမှားများရင် ပေးဆပ်မှုများမယ့် 6 Role နေရာအတွက် မာကာကို အခြားသူတွေထက် ပိုပြီး ယုံကြည်ထားပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အပြီး လီဗာပူးအသင်းဟာ ဇယားထိပ်က မန်စီးတီးနဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရှိနေတာပါ။ လီဗာပူးရဲ့ ဂိုးရနိုင်ချေ xG က ပရီးမီးယားလိဂ်မှာ တတိယ အမြင့်ဆုံးဖြစ်နေပြီး ခံစစ်ဟာလည်း မန်စီးတီးပြီးရင် ပေးဂိုး အနည်းဆုံး အသင်းလည်းဖြစ်ပါတယ်။

ကွင်းလယ်ကော အသင်းလိုက်ပါ စွမ်းဆောင်ရည်ပိုင်း တိုးတက်လာဖို့ လိုအပ်နေသေးတာ မှန်ပေမယ့်လို့ အထက်ပါ တိုက်စစ်၊ ခံစစ် တိုးတက်လာမှုတွေအရ 6 Role မှာ မာကာ မဟုတ်တဲ့ အခြားသူ တစ်ဦး ဝင်ရောက်လာရင် အသင်းကစားတာ အခုထက် ပိုကောင်းသွားမယ် ဆိုတဲ့ အမြင်မျိုးတွေကို မျက်လုံးစုံပိတ် လက်ခံပေးဖို့ကတော့ ပိုခက်ခဲမှာဖြစ်ကြောင်း David Lynch က သုံးသပ်ခဲ့သေးတာ ဖြစ်ပါတယ်။