လီဗာပူးအသင်းက စပါးကို ၄-၃ နဲ့ အနိုင်ရနေချိန် ကလပ်ရဲ့ ကစားသမား ခေါ်ယူရေးဆိုင်ရာ အဖွဲ့ကတော့ ပေါ်တူဂီမှာ ကင်းထောက်ခြင်းနဲ့ အလုပ်တွေ ရှုပ်နေခဲ့ပါတယ်။
စပို့တင်းနဲ့ ဖာမာလီဆိုတို့ရဲ့ ပွဲကို လီဗာပူး ကင်းထောက်တွေနဲ့ နယူးကာဆယ် ကင်းထောက်တွေ တက်ရောက် ကြည့်ရှုခဲ့ကြတယ်။ လီဗာပူးဟာ အူဂါတီအပြင် ခံစစ်မှူး ဂွန်ကာလို အန်နာဆီယိုကိုပါ သွားရောက် ကြည့်ရှုခဲ့တာလို့ သိရပါတယ်။
ပေါ်တူဂီ နာမည်ကြီး သတင်းဌာနတွေဖြစ်တဲ့ CNN Portugal, O Jogo နဲ့ A Bola တို့ အားလုံးကတော့ လီဗာပူးဟာ အူဂါတီအတွက် ချိတ်ဆက်မှု စတင်ခဲ့ပြီလို့ ပြီးခဲ့တဲ့ တစ်ပတ်လုံး ဖော်ပြနေခဲ့တယ်။ အသက် ၂၂ နှစ်အရွယ် ကွင်းလယ် ခံစစ်သမားအတွက် စပို့တင်းဘက်က စာချုပ်ပါကြေး ယူရို သန်း ၆၀ တောင်းဆိုနိုင်ပါတယ်။
ဥရုဂွေး သတင်းထောက် Brahian Kuchman ကလည်း လီဗာပူးက ဒါဝင်နူညက်ရဲ့ တစ်နိုင်ငံတည်းသာ ကစားသမားကို စောင့်ကြည့် စိတ်ဝင်စားနေတာက သတင်းမှန်ဖြစ်တယ်လို့ ဖော်ပြထားတယ်။ ဒီတလောမှာ လီဗာပူးရဲ့ အပြောင်းအရွှေ့ သတင်းတိုင်ဟာ ကစားသမားတွေရဲ့ ဇာတိမြေတွေကနေ ပထမဆုံး ပေါ်ထွက်လာတတ်တဲ့ အစဉ်အလာ ရှိပါတယ်။
စပို့တင်းက ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ အူဂါတီက ၇၃ မိနစ် ကစားခဲ့ပြီး လူစားလဲခံခဲ့ရပါတယ်။ သူက ၃-၄-၃ ကစားကွက်မှာ ကွင်းလယ် အတွင်းလူ နှစ်ဦးထံက နံပါတ် ၆ နေရာမှာ ပါဝင်ကစားခဲ့ပါတယ်။ အန်နာဆီယိုကတော့ သုံးယောက်တန်း ခံစစ်ရဲ့ ဗဟိုချက်မ နေရာက ပါဝင်ခဲ့ပါတယ်။
ပွဲအပြီးမှာ A Bola ကနေပြီး “အူဂါတီနေရာ အစားထိုးဖို့ စပို့တင်းက မိုနာကို ကွင်းလယ်လူ လူးကပ်ကို ချိန်ရွယ်နေတာ မှန်ပါလား?” လို့ မေးခဲ့ချိန်မှာ နည်းပြအာမိုရမ်က “သတင်းစာတွေမှာတော့ ကျနော်တို့က အူဂါတီကို ရောင်းတောင် ရောင်းပြီးသွားပြီ ရေးနေကြတာပဲ ” လို့ ရယ်ရယ်မောမော ဖြေဆိုသွားတာ ဖြစ်ပါတယ်။