” နောက်ဆုံးမှာ ကျနော် လက်ခံလိုက်ရပါတယ် ဆိုပြီး” လီဗာပူးကနေ ထွက်ရတော့မယ် ဆိုတာ သူသိလိုက်ရတဲ့ အခိုက်အတန့်ကို ဖာမင်နို ထုတ်ဖော်

ရော်ဘတ်ဆို ဖာမင်နိုဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ နေ့ရက်တွေအကြောင်းကို ‘Si Senor: My Liverpool Years’ အမည်နဲ့ စာအုပ် ထုတ်ဝေခဲ့ပါပြီ။ အဲ့ထဲမှာတော့ သူလီဗာပူးကနေ ထွက်ခွာဖို့ ဖြစ်လာခဲ့ပုံကို အခုလို ဖော်ပြသွားပါတယ်။

ဖာမင်နို၏ ‘Si Senor: My Liverpool Years’ စာအုပ်မှ –

ဘယ်လိုမှ ရှေ့ဆက်လို့မရတော့ဘူး ဆိုတဲ့ အခြေအနေဟာ ဝုဗ်ကို ရင်ဆိုင်ရတဲ့ ပွဲမှာ ဖြစ်ခဲ့ပါတယ်။ ကျနော် နောက်ဆုံးမိနစ်မှ လူစားဝင် ကစားခဲ့ရတာမို့ အခြေအနေကို ကျနော် နားလည်လိုက်ပါတယ်။ ကျနော် သိလိုက်ပါပြီ။

အေးဂျင့်တွေကို ခေါ်ပြီး မျက်နှာခြင်းဆိုင် ဆွေးနွေးခဲ့ကြတယ်၊ အနာဂတ်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို စကားပြောခဲ့ကြပါတယ်။ ကျနော် လီဗာပူးအတွက် ဘာလုပ်ပေးနိုင်မယ်ဆိုတဲ့ အပေါ် နားလည်ကြပုံချင်း ကွာခြားနေခဲ့ပါတယ်။

ကျနော် အများကြီး စဉ်းစားပြီးချိန်မှာ ဘုရားသခင်က ကျနော်ကို အခြားနေရာထံ ပို့ချင်နေတာကို သိခဲ့ပါတယ်။ ဘုရားသခင်က ကျနော်ကို လီဗာပူးမှာ ဆက်မနေစေချင်တော့ဘူး ဒါပေမယ့် ကျနော် နားမထောင်ချင်ခဲ့ဘူး။ ဒါပေမယ့် မရတော့ပါဘူး၊ ကျနော် လက်ခံရမယ့် အချိန်ကို ရောက်လာပါပြီ။

ကိုယ့်ဘာသာ နောက်ထပ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတော့မယ် ဆိုတာ လက်ခံလိုက်ပြီး လီဗာပူးမှာ ကျနော်ရဲ့ အချိန်တွေကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကို မှန်ကန်တဲ့ ပုံစံနဲ့ပဲ အဆုံးသတ်လိုပါတယ်။ အင်္ဂလန်မှာ ကျနော်ရဲ့ အိပ်မက်တွေ၊ ကျနော် မိသားစုရဲ့ အိပ်မက်တွေ အားလုံး ပြည့်ခဲ့တာအတွက် သိပ်ကို ကျေနပ်ရပါတယ်။

ကျနော်တို့က အရမ်းကို ပျော်စရာကောင်းပြီး ပြင်းထန်လှတဲ့ အတွေ့အကြုံကို ရခဲ့ပြီးပါပြီ။ ခါးသီးမှုတွေ၊ ဒေါသတွေ၊ နာကြည်းမှုတွေနဲ့ လမ်းခွဲရတာမျိုး မဖြစ်လိုပါဘူး။ လီဗာပူးကို ကျနော် ဆက်မနေဘူး၊ ထွက်သွားတော့မယ်လို့ ပြောဖို့က ခက်ခဲပါတယ်။

လီဗာပူးအသင်းဘက်က ကျနော်ကို လက်မှတ်ထိုးလိုစိတ် နက်နက်ရှိုင်းရှိုင်း မရှိဘူးဆိုရင် အားလုံးအတွက် ကောင်းဖို့က ကျနော် ထွက်သွားဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါမယ်။

ဒါကြောင့် မတ်လ ၃ ရက်၊ ၂၀၂၃ မှာ ကလော့ပ်ကို ကျနော် ကိုယ်တိုင်၊ ကျနော် ဖုန်းနဲ့၊ နှလုံးသားက စေညွှန်းတဲ့အတိုင်း လက်ချောင်းတွေနဲ့ ကိုယ်တိုင် ရိုက်ပြီး မက်ဆေ့ပို့ခဲ့တယ်။ ပြီတော့ လေ့ကျင့်ရေးကို သွားခဲ့တယ်။

လေ့ကျင့်ရေးပြီးတော့ နည်းပြနဲ့ ရုံးခန်းမှာ တွေ့ခွင့်ရမလား သူ့ရဲ့ လက်ထောက်ကို မေးခဲ့တယ်။ အခန်းထဲ ရောက်သွားတော့ ကလော့ပ်က ရုံးခန်းမှာ ထိုင်ပြီး ကော်ဖီ သောက်နေတယ်။

ကျနော်ကို ကြည့်ပြီး သူက ‘မင်းဘာပြောချင်တယ်ဆိုတာ ငါသိနေတယ်လို့ ထင်တာပဲ’ လို့ ပြောခဲ့တယ်။ သူတကယ် သိနေလား ကျနော် မပြောတတ်ပါဘူး။ ကျနော် ပွဲကစားခွင့်တွေ မရတဲ့အပေါ် ကွန်ပလိန်းလာတက်တာလို့ သူထင်နေတာလည်း ဖြစ်ရင်ဖြစ်ပါမယ်။

ကျနော် ဖုန်းကို ဖွင့်ပြီး ‘Meeting’ ဆိုတဲ့ ခေါင်းစဉ်နဲ့ note ကို ဖွင့်ခဲ့တယ်။ ဒါပေမယ့် ပြောမယ့် စကားတွေကို ကြည့်ပြီး ဖတ်ဖို့ မလိုခဲ့ပါဘူး။ ကိုယ်ပြောချင်တာတွေကို ကြိုပြီး လေ့ကျင့်ထားတော့ ကျနော် ခေါင်းထဲမှာ စွဲမြဲနေခဲ့တယ်။ ကျနော်တို့ စကားပြောခဲ့တာ ၅ မိနစ်တောင် မကြာခဲ့ပါဘူး။

‘ ဒီကိစ္စတွေအတွက် လုပ်ပိုင်ခွင့်က ငါ့လက်ထဲမှာ မရှိဘူးကွာ၊ ကိစ္စတိုင်းကို ငါ ထိန်းချုပ်ထားတာ မဟုတ်ဘူး ’ လို့ နည်းပြက ပြောတယ်။ ကျနော်ရဲ့ ဆုံးဖြတ်ချက်ကို သူ ခပ်မြန်မြန်ပဲ လက်ခံလိုက်ပါတယ်။ သူ ဆက်နေခိုင်းမှာကို ကျနော် ကြောက်နေခဲ့တာပါ။ ကျနော်က ဘုရားသခင် လမ်းညွှန်တဲ့ လမ်းကို လျှောက်ဖို့ ပြင်ဆင်ထားပြီးပါပြီ။ နောက်ပြန် မလှည့်ချင်တော့ဘူးလေ။

အရင်နှစ်တွေတုန်းက ကျနော်ရဲ့ ဘော်ဒါ ကော်တင်ညိုကို အသင်းမှာ ဆက်နေဖို့ နည်းပြက ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တယ်၊ ကျနော်ကိုတော့ ကော်တင်ညိုလို ဆက်ပြီး မဆွဲထားစေချင်ပါဘူး။ အခုတော့ ရှောင်လွဲလို့မရတဲ့ ကိစ္စကို လက်ခံလိုက်ပြီး ကျနော် လုံးဝ မလုပ်ဖူးတဲ့ စိန်ခေါ်မှု ခြေလှမ်းကို ဆက်လှမ်းဖို့ပါပဲ။

နည်းပြကို ကျနော် အရမ်း အထင်ကြီးပါတယ်၊ ကျနော် အလုပ်တွဲလုပ်ဖူးသမျှထဲမှာ သူက အကောင်းဆုံး နည်းပြဖြစ်ပါတယ်။ လီဗာပူးမှာ ကျနော်ကို နည်းပြက အခွင့်အရေးတွေ အများကြီး ပေးခဲ့ပါတယ်။ သူလည်း ကျနော်ကို ဂွတ်ဘိုင်းလို့ မပြောချင်ဘူးလို့ ပြောခဲ့တယ်။

နောက်တော့ လီဗာပူးမှာ ၃ လ ဆက်ရှိနေခဲ့တယ်။ ရာသီကုန်ထိ ဆက်ပြီး တိုက်ခိုက်ဖို့၊ ကြိုးစားဖို့ လိုခဲ့တယ်။ ပြီးမှ နှုတ်ဆက်ပွဲ လုပ်မယ်ဆိုတာ ကျနော်တို့ အားလုံးရဲ့ အတွေးမှာ ရှိခဲ့တယ်။ ဘောလုံးတွေ ကစားရဖို့ ရှိနေတော့ ကျနော်တို့ လက်ဆွဲနှုတ်ဆက်တယ်၊ နောက်ပြီး အခန်းထဲက ထွက်လာခဲ့ပါတယ်။

အထက်ပါ ကိစ္စတွေကတော့ ဘော်ဘီရဲ့ စာအုပ်မှာ ပါဝင်ခဲ့တာဖြစ်ပြီး အခြားသော အပိုင်းတွေ ဆက်လက် ထွက်ရှိလာခဲ့ရင် ထပ်မံ ဖော်ပြသွားပါမယ်။