လီဗာပူးအသင်းဟာ လန်ဒန်ကလပ်တွေဖြစ်တဲ့ ဖူလ်ဟမ်၊ အာဆင်နယ်တို့နဲ့အပြိုင် ဖလူမီနက်စ် ကွင်းလယ်လူ အန်ဒရေးကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လက်တလောမှာ နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ အသင်း သတင်းထောက် အချို့က ဖော်ပြလာပါတယ်။
ဘရာဇီး အသိုင်းအဝိုင်းကတော့ အပြောင်းအရွှေ့က အရမ်း ရိုးရှင်းတဲ့ အခြေအနေ မဟုတ်ပေမယ့် ကစားသမား ကိုယ်တိုင်က လီဗာပူးထံ ပြောင်းလိုနေတယ်လို့ ထုတ်ပြောလာခဲ့တယ်။ ဒီအပြောင်းအရွှေ့ ဖြစ်ဖို့ဆိုရင် လီဗာပူးဘက်က အနည်းဆုံး ပေါင် ၃၅ သန်း ထုတ်ရမှာ ဖြစ်ပါတယ်။
ဘရာဇီး သတင်းထောက် Emmanuel Luiz က ရှင်းပြရာမှာ
“ ခင်ဗျားတို့ကို ကျနော် ရှင်းရှင်းလင်းလင်း ပြောပြမယ်။ အန်ဒရေးရဲ့ စာချုပ်မှာ ပေါင် သန်း ၄၀ တန် စာချုပ်ပါကြေး ပါဝင်နေတယ်။
ဖူလ်ဟမ်နဲ့ လီဗာပူးတို့က အန်ဒရေးကို ခေါ်ယူရေး ပြိုင်ဆိုင်နေပြီး ဘောလုံးရာသီ အလယ်မှာ လီဗာပူးကို ပြောင်းရတာမျိုးကို အန်ဒရေးက လိုချင်နေတယ်။ အန်ဒရေးက လီဗာပူးကို ပြောင်းချင်တယ် သူ့ရဲ့ ဆန္ဒက လီဗာပူးပဲ။ ဒါပေမယ့် ဖူလ်ဟမ်က နောက်ဆုတ်သွားတာ မဟုတ်ဘူး။
ဖလူမီးနက်စ်ဘက်က တာဝန်ရှိသူတွေနဲ့ စကားပြောကြည့်တော့ အန်ဒရေးက ကလပ်အတွက် အကောင်းဆုံး ကမ်းလှမ်းမှုပေးမယ့် အသင်းထံ ပြောင်းရေးအတွက် သဘောတူထားတယ်။
အန်ဒရေးက လီဗာပူးကို ပြောင်းချင်တယ်၊ လီဗာပူးက သူ့အတွက် ပေါင် သန်း ၃၀ လောက်ပဲ ပေးချင်တယ်။ ဒါပေမယ့် ဖူလ်ဟမ်ကတော့ ဖလူမီးနက်စ် တောင်းတဲ့ ပေါင် သန်း ၄၀ တန် စာချုပ်ပါကြေးကို ပေးလောက်မယ့် အနေအထားဖြစ်တယ်။
ဖူလ်ဟမ်ဘက်ကတော့ စာချုပ်ပါကြေးအတိုင်း ပေးမယ်၊ အဲ့ထဲမှာ ထပ်တိုးကြေးလေးပါ တွဲထည့်လိုက်မယ်ပေါ့။ အန်ဒရေး လီဗာပူးကို ပြောင်းချင်တယ် ဆိုရင် လီဗာပူးဘက်က ပေါင် ၃၅ သန်း နဲ့ အနာဂတ် ရောင်းချမှုရဲ့ ၂၀% ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုး ပေးမှပဲ ရပါမယ် ” လို့ပဲ ဖြစ်ပါတယ်။
လီဗာပူးအသင်းဘက်ကတော့ ဥရောပ အတွေ့အကြုံ နည်းတဲ့ အန်ဒရေးအတွက် ပေါင် ၂၅ သန်း ဝန်းကျင်ထက် ပိုပေးလိုဟန် မရှိဘဲ သူ့အစား ဘာ့ဂျ်ဆီတစ်ကိုပဲ ဆက်လက် ပျိုးထောင်ဖို့ ဆုံးဖြတ်လာနိုင်တာ ဖြစ်ပါတယ်။