

ဆိုးဆိုးရွားရွား အရှုံး
လီဗာပူးက တူးလုစ့်ကို ထိုက်ထိုက်တန်တန် ရှုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ ရှုံးရတဲ့ အဓိက အကြောင်းရင်းကတော့ အသင်းသားတွေကြား တွဲဘက် မမိတာ ဖြစ်ပါတယ်။ တစ်ယောက်တစ်ပေါက်တွေဖြင့် နည်းနည်းလေး ထင်ရာစိုင်း ကစားနေခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။
ပွဲထွက်လူစာရင်းမှာ နေရာ ၉ ခုကို အပြောင်းအလဲ ပြုလုပ်ခဲ့လို့ အသင်းသား အများအပြားက နားလည်မှုတွေလွဲပြီး အမှားတွေ များခဲ့ကြပါတယ်။ တိုက်စစ်ပိုင်းကလည်း လိုက်လျောညီထွေ မရှိလှဘဲ အကောင်းမြင်စရာ ရွေးထုတ်ဖို့ရာ နည်းပါးပါတယ်။
ပွဲနောက်ဆုံးမိနစ် သွင်းဂိုးကို VAR ဘက်က မှားယွင်းပြီး ပယ်ဖျက်ခဲ့တယ် ဆိုပေမယ့် ဒီပွဲ ခြေစွမ်းညံ့ပြီး အသင်းလိုက် ကစားပုံ အားနည်းလွန်းတာကတော့ ဖုံးဖိထားလို့ မရပါဘူး။
ခြေမပေါ်တဲ့ အန်ဒို
ဒီပွဲမှာ ကွင်းလယ်ခံစစ်နေရာ အန်ဒိုများ ခြေစွမ်းကောင်းမလား မျှော်လင့်မိတာပါ။ ဘရန့်ဖိုဒ့်ပွဲမှာ မာကာ ပွဲပယ်ခံရမှာမို့ သူက ကွင်းလယ်ခံစစ်နေရာက ပွဲထွက်လာရမယ့်သူ ဖြစ်ပါတယ်။
Would be surprising if Wataru Endo continues here.
Not been good.
— Anfield Edition (@AnfieldEdition) November 9, 2023
သို့ပေမယ့် အန်ဒိုရဲ့ ခြေစွမ်းက စိတ်ပူစရာဖြစ်ပြီး ပထမပိုင်း ၄၅ မိနစ်မှာ သူလည်း ခြေစွမ်း မကောင်းခဲ့ပါဘူး။ ပထမအကျော့ တူးလုစ့်ကို အိမ်ကွင်းမှာ ဧည့်ခံတုန်းက ခြေစွမ်းမျိုး မမြင်ခဲ့ရပါဘူး။ ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်မှုကို ဟန့်တားနိုင်ခြင်း နည်းခဲ့သလို အဝါကဒ် ပြခံခဲ့ရပါတယ်။
8 Role မှာလည်း ရုန်းကန်ရတဲ့ မာကာ
Thoughts on Mac Allister in a more advanced role today? #LFC pic.twitter.com/YUvlz7Jm1w
— Anfield Agenda (@AnfieldAgenda) November 9, 2023
ဒီရာသီမှာ မာကာဟာ 6 Role နေရာ အဓိက ကစားနေပြီး အဲ့တာက သူ့ရဲ့ အကောင်းဆုံး နေရာ မဟုတ်ဘူးလို့ ဝေဖန်ခံနေခဲ့ရတယ်။ ဒီပွဲမှာတော့ ရှေ့ကို ပိုတက်ကစားခွင့် ရခဲ့ပြီး သူ့ရဲ့ ကန်ချက်တစ်ကြိမ် ဘားတန်းထိခဲ့တာကလွဲလို့ မာကာလည်း ရုန်းကန်ခဲ့ရပါတယ်။
မာကာထံက သာမာန် ခြေစွမ်းလောက်ပဲ မြင်ရပြီး ဘောလုံးနဲ့အတူ ကစားကွက် တိုးတက်ဖို့ ထူးထူးခြားခြား လုပ်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။ တိုက်စစ်ပိုင်းတင် မဟုတ်ဘဲ ခံစစ်ပိုင်း ကူညီမှုတွေမှာလည်း ဘာတစ်ခုမှ ကောင်းကောင်းကြီး လုပ်ပြခဲ့တာမျိုး မရှိပါဘူး။
အန်ဒို၊ ဟာဗေးတို့နဲ့ တွဲရလို့များလား? ဒီလိုမေးခွန်းရှိပေမယ့် ယူရိုပါလိဂ်ပွဲမှာ ရှေ့တက်ကစားရချိန်အတွင်း အလုပ်မဖြစ်ခဲ့တာတော့ သိသာပါတယ်။
ပိုတောင် စိတ်ပူလာရတဲ့ ဘယ်ခြမ်း
ခြေစွမ်း အတက်အကျ များနေတဲ့ ရိုဘို ဒဏ်ရာရသွားလို့ အခွင့်အရေး ရလာချိန် ကိုစတက်ရဲ့ ကစားပုံက ပိုတောင် စိတ်ပူနေရပါတယ်။ ဂရိသားဟာ အာရုံစူးစိုက်မှု နည်းပါပြီး လေးလံလွန်းပါတယ်။ သူ့ရဲ့ အမှားကနေ တူးလုစ့် ဂိုးရသွားတာလို့ တိုက်ရိုက် ဝေဖန်လို့တောင် ရပါတယ်။
ကိုစတက် မရှိရင် ဘယ်ခြမ်းအတွက် ဂိုးမက်စ်ပဲ သုံးစရာရှိပြီး ဒီဘယ်ခြမ်းနဲ့ မန်စီးတီးကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာထက် စိတ်ပူစရမှာမျိုး မရှိနိုင်တော့ပါဘူး။
ယူအီးအက်ဖ်အေ ဒိုင်တွေရဲ့ မှားယွင်းမှု
INCREDIBLE DRAMA 😱
Liverpool's apparent equalizer denied as VAR rules out their third goal for a handball by Alexis Mac Allister 😬#UEL pic.twitter.com/NDuwPiINnM
— Football on TNT Sports (@footballontnt) November 9, 2023
ဒီအပတ်မှာတော့ ယူအီးအက်ဖ်အေ ဒို်င်တွေရဲ့ အမှားတွေက အတော်လေး အပြောခံနေရပါတယ်။ လီဗာပူးအသင်းဟာ ထိုက်ထိုက်တန်တန် ရှုံးခဲ့တယ်လို့ ဝန်ခံရမှာ ဖြစ်ပေမယ့် ကွမ်းဆက်ရဲ့ ဂိုးဟာ တကယ်တမ်းမှာ ရသင့်တဲ့ သွင်းဂိုး ဖြစ်ပါတယ်။
ဒိုင်တွေကိုပဲ စောဒက တက်နေရတာမျိုး မလုပ်ချင်ပေမယ့် ကွမ်းဆက် ဂိုးမတိုင်ခင် မာကာရဲ့ လက်ထိမှုဟာ သွင်းဂိုး ပယ်ဖျက်ရလောက်တဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ ဒီရာသီ မစခင်ကတည်းက မတော်တဆနဲ့ ခန္ဓာကိုယ်ကနေ ပြန်စင်ပြီး လက်ထိရင် အရေးမယူဘူးလို့ ယူအီးအက်ဖ်အေဘက်က ပြောထားပေမယ့် ဒိုင်ကတော့ ဂိုးကို ပယ်ဖျက်သွားပါတယ်။
ဒီရှုံးပွဲဟာ လီဗာပူးရဲ့ အုပ်စုဗိုလ် ရည်မှန်းချက်ကို အနည်းအကျဉ်းဖြစ်ဖြစ် အနှောက်အယှက် ဖြစ်သွားစေပါတယ်။