တူးလုစ့်ပွဲအပြီး အင်တာဗျူးအရ လီဗာပူး ပရိသတ်တွေ သိနေတဲ့ ပြဿနာကို ကလော့ပ်လည်း သိနေပါတယ်

လူတန်တောင်း ပွဲမှာကော တူးလုစ့်ပွဲမှာပါ ရလဒ်တွေ မကောင်းတဲ့နောက် လီဗာပူးက ပွဲပန်းနေတာလားလို့ မေးခံရမှုကို ကလော့ပ်က ငြင်းဆန်ခဲ့ပြီး ပွဲဆက်တယ်ပြောရင် ဆင်ခြေဖြစ်ကာ ခံစစ်ပိုင်း အားစိုက်ထုတ်မှုနည်းလို့ ရှုံးရတာလို့ ရှင်းပြသွားပါတယ်။

“ မဟုတ်ပါဘူး၊ ပွဲပန်းနေတာက ကျနော်တို့ရဲ့ ပြဿနာ မဟုတ်ပါဘူး။ ဆုံးဖြတ်ရတာက လွယ်လွယ်လေးပါ၊ ကျနော်တို့ ဘယ်လို ကစားချင်လဲ ဆိုတာကို ဆုံးဖြတ်ရတယ်၊ ကွင်းထဲမှာ ကောင်လေးတွေက သူတို့ ဘယ်လိုကစားချင်လဲ ဆုံးဖြတ်ရပါတယ်။

ကျနော်တို့က သိပ်ကောင်းတဲ့ ဘောလုံးအသင်း တစ်သင်းဖြစ်ရင်ဖြစ်မယ် ဒါပေမယ့် ခံစစ်ပိုင်း စိန်ခေါ်မှုတွေ မလုပ်နိုင်ရင်တော့ အသင်းကောင်းတစ်သင်း မဖြစ်နိုင်ပါဘူး ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်ရဲ့ ပြောဆိုမှုဟာ အချက်အလက်ပိုင်းတွေကို ကြည့်မယ်ဆိုရင် မှန်ကန်နေပါတယ်။ တူးလုစ့်က ခံစစ်ပိုင်း စီးချင်းထိုးမှု အကြိမ်ပေါင်း ၆၀ ကို အနိုင်ရချိန်မှာ လီဗာပူးကတော့ ၄၅ ကြိမ်ပဲ အနိုင်ရခဲ့တာပါ။ ပြိုင်ဘက်က ကွင်းထဲမှာ မြေပြင်ထိပ်တိုက်တွေ့မှု ၆၃% ကို လွှမ်းမိုးနိုင်ခဲ့ပြီး လီဗာပူးက ၃၇% ပဲ ရှိခဲ့ပါတယ်။

FotMob မှာဆိုရင် လီဗာပူးက မိနစ် ၉၀ အတွင်းမှာ ဘောလုံးဝင်လုမှု ၄ ကြိမ်ပဲ အောင်မြင်ခဲ့ပြီး တူးလုစ်ကတော့ ၁၆ ကြိမ်တောင် အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၇၂% တောင် ရှိပေမယ့် အသင်းရဲ့ ခံစစ်ညံ့ပြီး အားမာန်မပါတဲ့ ကစားဟန်ကြောင့် ထိုက်တန်တဲ့ အရှုံးလို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြတာပါ။

ကလော့ပ်ကပဲ ဆက်လက်ပြီး “ ကျနော်တို့က လုံလောက်တဲ့ တိုက်ခိုက်လိုစိတ်နဲ့ မကစားခဲ့ပါဘူး။ တူးလုစ့်က အရေးကြီးတဲ့ အခိုက်အတန့်တွေ၊ စိန်ခေါ်မှုတွေ အားလုံးကို အသာရခဲ့တယ်။

ကျနော်တိုပ ဘောလုံးကို ခပ်လွယ်လွယ် ဆုံးရှုံးလို့ ပထမဂိုး ပေးခဲ့ရတယ်၊ ဒုတိယဂိုးတော့ သိပ်မသေချာဘူး၊ တတိယ ဂိုးဆိုရင် ခံစစ်က အတွင်းထဲ သိပ်ရောက်လွန်းတယ်။ တကယ့် အမှားတွေချည်းပဲ။

ကျနော်တို့ ရခဲ့တဲ့ ဘောလုံး ပိုင်ဆိုင်မှုတွေနဲ့ဆိုရင် ဖန်တီးမှုတွေ ပိုလုပ်နိုင်တာ မှန်ပါတယ်။ ဒါပေမယ့် တစ်ညတည်း ပေးဂိုး ၃ ဂိုး ရှိခဲ့တာက အဓိပ္ပာယ်ကို မရှိတာပါ။ ပိုပြီး တိုက်ခိုက်ရမှာ၊ စိန်ခေါ်မှုတွေကို ပိုပြီး အားထုတ်ရမှာ၊ အဲ့တာမှ ထိုက်တန်တဲ့ ရလဒ် ထွက်မှာပါ ” လို့ ထပ်ဆောင်း​ ပြောဆိုသွားတာ ဖြစ်ပါတယ်။