ပရီးမီးယားလိဂ်မှာ ဝါတာရု အန်ဒို ဘာကြောင့် ပွဲထွက်ခွင့် မရသလဲ ကိစ္စ ကလော့ပ် ရှင်းပြလာပါတယ်

လီဗာပူး ပွဲထွက် ၁၁ ဦးစာရင်းမှာ ကွင်းလယ်ခံစစ်သမား စစ်စစ်ဖြစ်တဲ့ ဝါတာရုကို မသုံးသေးတာအတွက် နည်းပြကလော့ပ်က သူ့ဘက်က အမြင်ကို ရှင်းလင်း ပြောဆိုမှု လုပ်လာခဲ့ပါတယ်။

နည်းပြကလော့ပ်ကတော့ အတိတ်တုန်းက ရော်ဘတ်ဆန်နဲ့ ဖာဘင်ညိုတို့လို အသင်းရဲ့ ကစားကွက်မှာ အသားကျလာဖို့ ဝါတာရုကို အချိန်ပေးပြီး ရစ်သမ်ရှာနေတာလို့ ဆိုပါတယ်။

နည်းပြကလော့ပ်က “ ဝါတာရုက ကျနော်တို့အတွက် အရေးကြီးတဲ့ ကစားသမား တစ်ဦးပါ။ ဒါက ဘောလုံးရဲ့ နောက်ထပ် အစိတ်အပိုင်းတစ်ခုပါပဲ။ ပွဲထွက် လူစာရင်း တစ်ခုကို သုံးမယ်၊ ကစားပုံကောင်းနေခဲ့ရင် အခြားသူတွေက ကစားတာ သူတို့လောက် ကောင်းမှာ မဟုတ်ဘူးလို့ ထင်ကြလိမ့်မယ်။ ဒါမျိုးက မမှန်ပါဘူး။

နေ့တိုင်းမှာ ဝါတာရုက အသင်းနဲ့အတူ အသားကျလာနေတယ်၊ ဒါပဲ အရေးကြီးပါတယ်။ အတိတ်တုန်းကလည်း ဒီလိုပဲ ကစားသမားသစ်တွေ ပွဲထွက်ခွင့် မရတဲ့ ဇာတ်လမ်းတွေ ရှိခဲ့ပါတယ်။ ဒီရာသီကတော့ မတူညီပါဘူး။ ကစားသမားတွေ ခပ်မြန်မြန် အသားကျတာမျိုး ရှိသလို အချိန်ယူရတာလည်း မြင်ခဲ့ရပြီးပါပြီ။

ရော်ဘတ်ဆန် အသင်းကို ရောက်လာပြီး နှစ်ဝက်လောက်ထိ မကစားရပါဘူး။ ဒါကို ဘယ်သူကမှ မမှတ်မိကြဘူး။ အသင်းသား အချို့က သူတို့ရဲ့ အစပိုင်းကို ကောင်းကောင်းမွန်မွန် ရုန်းကန်နိုင်ခဲ့ကြတယ်။

ဝါတာရုကတော့ အဲ့လို ရုန်းကန်နေရတာမျိုးတောင် မဟုတ်ပါဘူး။ သူကလည်း တကယ်ကို အရေးပါသူပါ။ အခုလည်း သူပွဲတွေ ကစားနေရတယ်။ သူပွဲတွေ ကစားနေရတာတောင် လူတွေက ဝါတာရုကို ပရီးမီးယားလိဂ်မှာ မသုံးဘူးလို့ မေးခွန်းထုတ်နေကြတယ်။

ပရီးမီးယားလိဂ်တွေ၊ အခြားပြိုင်ပွဲတွေနဲ့ မဆိုင်ပါဘူး။ ရစ်သမ်ပိုင်းကို ရှာဖွေနေတာ ဖြစ်ပါတယ်။ ဝါတာရုက ပရီးမီးယားလိဂ်ပွဲတွေမှာ ပွဲထွက်ခွင့်ရလာမှာ ၁၀၀% သေချာပါတယ်။

အခုချိန်မှာတော့ နိုင်ငံတကာ သီတင်းပတ်ကို ကျော်ဖြတ်ဖို့က အရေးအကြီးဆုံးပါပဲ။ ပြီးရင် ဒဏ်ရာပြဿနာတွေကနေ ပြန်သက်သာလာကြဖို့ပါ။ ပွဲတွေက ခပ်ကြပ်ကြပ်နဲ့ ခပ်မြန်မြန်လေး ရောက်လာတော့မယ်၊ မယုံနိုင်လောက်တဲ့ ပွဲတွေကို ကျနော်တို့ ကစားရမှာပါ။ အသင်းသား အားလုံးကို ကျနော်တို့ လိုပါတယ်။

လက်တလောမှာ ကျနော်တို့က အတူတကွ ရှိနေတယ်။ အချင်းချင်း ပိုပြီး သိနားလည်လာဖို့ မှန်ကန်တဲ့ ဦးတည်ချက်နဲ့ သွားနိုင်ဖို့ လိုပါတယ်။ ကျနော်တို့ အကောင်းဆုံး အဆင့်ကို မရောက်သေးပါဘူး၊ တည်ငြိမ်တဲ့ အဆင့်မှာတောင် မရောက်သေးဘူး။ ဒါပေမယ့် အချိန်ယူရပါမယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဝါတာရုဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားထားပေမယ့် ပရီးမီးယားလိဂ်မှာ ပွဲထွက်လူစာရင်းကနေ ၁ ပွဲပဲ ပွဲထွက်ထားတာ ဖြစ်ပါတယ်။