လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ပေါ်လစီက ပျင်းဖို့ကောင်းကြောင်း ဖွင့်ဟလာတဲ့ ဒါရိုက်တာဟောင်း

Dr Ian Graham ဆိုတာက လီဗာပူးအသင်းရဲ့ သုတေသနဆိုင်ရာ ဒါရိုက်တာဟောင်းတစ်ဦးပါ။ သူဟာ လီဗာပူး အပြောင်းအရွှေ့ ပေါ်လစီ အောင်မြင်ဖို့ အားကစားဒါရိုက်တာ မိုက်ကယ် အတ်ဝတ်ရဲ့ တွဲဘက်ကြီးလည်း ဖြစ်ခဲ့ပါတယ်။

၂၀၁၀ တည်းက လီဗာပူးအသင်းကို ရောက်လာခဲ့တဲ့ သူဟာ ၂၀၂၂ မှာတော့ အသင်းကနေ ထွက်သွားခဲ့ပါတယ်။ အဓိက အကြောင်းရင်းကတော့ ရှင်းပါတယ်။ သူ့တာဝန်က ကစားသမား ခေါ်ယူရေးတွေမှာ အစွမ်းပြဖို့ဖြစ်ပြီး လီဗာပူးမှာတော့ အသုံးစရိတ်ကြောင့် အဲ့လို ပညာပြခွင့်မရှိတော့ ပျင်းလာလို့ ထွက်သွားခဲ့တာပါ။

ဂရေဟမ်ကတော့ FSG လက်အောက်က လီဗာပူးရဲ့ ပေါ်လစီကို အခုလို ပြောပြပါတယ်။ “ လီဗာပူးက အမေရိကန်အားကစား ယဉ်ကျေးမှုပုံစံ တည်ဆောက်ယူထားတာပါ။ ဒီလို တည်ဆောက်ရတာကလည်း လီဗာပူးရဲ့ ပိုင်ရှင်တွေက အမေရိကန် ဘေ့စ်ဘော ပိုင်ရှင်တွေဖြစ်နေလို့ပါ။

အမေရိကန်တွေက ခိုင်လုံတဲ့ သက်သေတွေမြင်ရမှပဲ ဆုံးဖြတ်ချက်တွေ ချမှတ်ကြပါတယ်။ သူတို့အသင်းမှာ ဘာတွေလုပ်နေတယ် ဆိုတာအတွက် ပိုများတဲ့ အချက်အလက်တွေ ရချင်ကြတယ်။

အမေရိကန် ပိုက်ဆံတွေက ပုဂ္ဂလိကပိုင်ငွေတွေ စီးပွားရေးဆိုင်ရာ ငွေကြေးတွေကနေ လာကြတာဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အစဉ်အလာ ဘီလျံနာပိုင်ရှင်တွေ (ရေနံပိုင်ရှင်တွေ) ပိုင်ဆိုင်ထားကြတဲ့ ကလပ်တွေမှာတော့ သူတို့က ငွေကြေးကို ပျော်ရွှင်ဖို့ သုံးကြတာ ဖြစ်ပါတယ်။

ပိုက်ဆံကို ချင့်ချိန်သုံးနေရတာမျိုးကို ဘယ်သူမှ မလိုချင်ဘူးပေါ့ဗျာ၊ လုပ်ငန်း တစ်ခုကို လည်ပတ်တာမှာ ကဏ္ဍများစွာက ပျင်းဖို့ကောင်းပါတယ်။ လီဗာပူးမှာ လုပ်နေရတဲ့ ဆုံးဖြတ်ချက်တွေ အများကြီးက ပျက်းစရာကောင်းတယ်။ ချယ်ဆီးလို ကစားသမားတွေ အများကြီးကို လက်မှတ်ထိုးနေရတာကမှ ပိုပြီး ပျော်စရာကောင်းတာပေါ့။

အမေရိကန် ရင်းနှီးမြုပ်နှံမှုတွေက ဒါကို ရင်းနှီးလိုက်ရင် ဘာတွေပြန်ရမလဲ? ဒါမှမဟုတ် ဒီရင်းနှီးမြုပ်နှံမှုအတွက် ငါတို့ ပြန်ရမှာက ဘာလဲ? ဆိုတာအပေါ် အခြေခံပါတယ်။

FSG က လီဗာပူးအသင်းအတွက် ရင်းနှီးမြုပ်နှံပေးဖို့ ပျော်ပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်း ပိုင်ရှင်တွေရဲ့ ပိုက်ဆံတွေ နောက်ခံထားတဲ့ ကလပ်တွေလိုတော့ ပေါပေါလောလော ငွေကြေးတွေနဲ့ အသင်းကို စီမံပေးနေတာမျိုး မဟုတ်ဘူးပေါ့ ” လို့ ပြောပြသွားတာ ဖြစ်ပါတယ်။

ဂရေဟမ်ကို လက်ရှိမှာ ပရီးမီးယားလိဂ်ကလပ် ၂ သင်းလောက်က ကမ်းလှမ်းထားပါတယ်။ သူကိုယ်တိုင်ကတော့ လီဗာပူးပရိသတ်တစ်ယောက် ဖြစ်တာမို့ အခြားအသင်းတွေမှာ ဂျာစီပြောင်းပြီး ဝတ်တာလောက်မျိုး မလုပ်ချင်တာမို့ ဘယ်အလုပ်ကိုမှ လက်ခံထားခြင်း မရှိသေးဘူးလို့လည်း ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။