

နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်ကို စတင် ဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီးမှာ လီဗာပူးအသင်းဟာ ဇယားထိပ်က မန်စီးတီးနဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ဒီရာသီ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲတွေကို ကြည့်မယ်ဆိုရင် ထိပ်ဆုံး ၄ သင်းထဲမှာ ကစားပုံ အားအနည်းဆုံးလို့ ဆိုနိုင်ပါတယ်။ မန်စီးတီးကို မမီတာကတော့ ရှင်းပါတယ်။ အာဆင်နယ်လိုလည်း ထိပ်သီးပြိုင်ဘက်တွေကို ရင်ဆိုင်ရာမှာ အနိုင်မရပါဘူး၊ စပါးလောက်လည်း ကစားပုံ မကောင်းပါဘူး။
ဒါပေမယ့် လီဗာပူးအသင်းရဲ့ နည်းပြက ယာဂင်ကလော့ပ်ဖြစ်ပါတယ်။ ဆာလာ၊ ဗန်ဒိုက်၊ အယ်လီဆန်၊ ထရန့်တို့လို ချန်ပီယံပါးဝနေတဲ့ ကစားသမားတွေ ရှိနေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ လုံးဝ အထင်သေးလို့ မရပါဘူး။
ရာသီသစ် စတင်လာခဲ့ကတည်းက လီဗာပူးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံ နေရာအတွက် ဘယ်သူမှ ထည့်တွက်ခဲ့ခြင်း မရှိပါဘူး။ ထိပ်ဆုံး ၄ သင်းကပဲ အမြင့်ဆုံး ဖြစ်မယ်လို့ ယူဆခဲ့ကြတယ်။ အဓိကအားဖြင့် လီဗာပူး ကွင်းလယ်ဟာ မန်စီးတီး၊ အာဆင်နယ်လို တောင့်တင်း တည်ငြိမ်မှု မရှိဘဲ အသစ်ပြန်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
လီဗာပူးရဲ့ ခံစစ်မှာ အယ်လီဆန်၊ ဗန်ဒိုက်၊ ထရန့်တို့ ရှိနေတယ်ဆိုပေမယ့် ဘယ်ခြမ်း အစွန်နဲ့ ဗန်ဒိုက်ရဲ့ တွဲဘက် ခံစစ်မှူး နေရာတွေဟာ အခြားအသင်းတွေနဲ့ နှိုင်းယှဉ်ရင် အနည်းငယ် အားပျော့တယ်လို့ မှန်းဆထားကြပါတယ်။
အဝေးကွင်းတွေမှာ ရလဒ် မကောင်းတာ၊ တန်းတက်ကလပ်တွေကို အနိုင်မယူနိုင်တာ၊ ကွင်းလယ်ခံစစ်သမားကောင်း မရှိခြင်းဟာ လီဗာပူးရဲ့ အားနည်းချက်ဖြစ်နေတယ်။ လူတွေ သတိထားမှု နည်းပေမယ့် လီဗာပူးအသင်းဟာ ပွဲစဉ်ဇယားတွေမှာ ပြိုင်ဘက်တွေထက် ပိုဆိုးရွားတဲ့ ပွဲချိန်တွေကိုပဲ ရထားပါတယ်။
ကွင်းလယ် တည်ငြိမ်မှု မရှိဘူး၊ ခံစစ်ပိုင်း အားနည်းတယ်၊ ထိပ်တန်းအဆင့် အထောင်တိုက်စစ်မှူး မရှိဘူး၊ အန်ဖီးကွင်း လူပြည့်မဝင်နိုင်သေးသလို အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲ များပြားလွန်းတယ် စသဖြင့် ဝေဖန်ကြပေမယ့် အမှတ်ပေးဇယားကို ကြည့်မယ်ဆိုရင် အသင်းဟာ ခပ်ညံ့ညံ့အသင်းဆိုတဲ့ အနေအထား မဟုတ်ပါဘူး။
ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ခံစစ် ပေးဂိုး အနည်းဆုံး (၁၀ ဂိုး) အသင်းအဖြစ် အာဆင်နယ်နဲ့ ပူးတွဲရပ်တည်နေတယ်။ လီဗာပူးအသင်း (၂၇ ဂိုး) ထက် ဂိုးပိုသွင်းနိုင်ထားနိုင်တာဆိုလို့ မန်စီးတီး (၃၂ ဂိုး) နဲ့ အက်စတွန်ဗီလာ (၂၉ ဂိုး) တို့ပဲ ရှိပါတယ်။
ထပ်ပြီး ချဲ့ကြည့်မယ်ဆိုရင် ဒီရာသီ အိမ်ကွင်း ရာနှုန်ပြည့် နိုင်ပွဲရနေတဲ့ အသင်း ၂ သင်းထဲက တစ်သင်းဖြစ်ပါတယ်။ အိမ်ကွင်းမှာ ခံစစ်ပေးဂိုး အနည်းဆုံးအသင်း ဖြစ်ပါတယ်။ ဒီအပိုင်းတွေမှာ လီဗာပူးအသင်းက ပြိုင်ဘက် စီးတီး၊ အာဆင်နယ်တို့ကိုတောင် အသာရထားတာ ဖြစ်ပါတယ်။
အသင်း လိုအပ်တာဆိုလို့ အဝေးကွင်း ရလဒ်တွေ ယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီရာသီမှာ နယူးကာဆယ်နဲ့ ဝုဗ်ကို အဝေးကွင်းမှာ နိုင်ထားပြီး ချယ်ဆီး၊ ဘရိုက်တန်၊ လူတန်တောင်းတို့ကို သရေကျထားကာ စပါးကို ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ချွန်ထွက်နေတဲ့ စွမ်းဆောင်ရည်တွေ မမြင်ရသေးပါဘူး။ အသင်းလိုအပ်နေတာက ကွင်းလယ်လူသစ်တွေ ပိုပြီး အထိုင်ကျလာဖို့ဖြစ်ပြီး ဗန်ဒိုက်၊ ဆာလာတို့ရဲ့ ဦးဆောင်မှုနဲ့အတူ ခြေစွမ်း ပိုတည်ငြိမ်လာခဲ့မယ်ဆိုရင် မျှော်လင့်ချက်ကြီးတွေကို ထားနိုင်ဆဲပဲ ဖြစ်ပါတယ်။