ဆာလာဆိုတာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနဲ့ ကမ္ဘာ့ ထိပ်ဆုံး ၃ ဦးထဲက တစ်ဦးဗျလို့ ချီးကျူးသွားတဲ့ ဘရန့်ဖိုဒ့်နည်းပြ

ပရီးမီးယားလိဂ် သွင်းဂိုး ၂၀၀ ပြည့်သွားတဲ့ မိုဆာလာဟာ အင်္ဂလန်ဘောလုံးလောကမှာ အကောင်းဆုံး ကစားသမားပါလို့ ဘရန့်ဖိုဒ့် နည်းပြက ထုတ်ဖော် ပြောဆိုပါတယ်။

တချိန်က ကောက်ရိုးမီးအဖြစ် နှိမ်ချခံခဲ့ရတဲ့ ဆာလာဟာ ပရီးမီးယားလိဂ်မှာ သက်သေပြလာခဲ့တာ ၇ ရာသီ ရှိနေခဲ့ပါပြီ။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဆိုရင် ဆာလာကို ချန်ထားလို့ မရသလို သူဟာ ပြိုင်ပွဲသမိုင်းမှာ ဂန္တဝင်အဖြစ် နာမည်စာရင်း တင်ကျန်နေမယ့်သူ ဖြစ်ပါတယ်။

ဆာလာနဲ့ ပတ်သက်လို့ ဘရန့်ဖိုဒ့်နည်းပြ သောမက်စ် ဖရန့်က မှတ်ချက်ပေးရာမှာ “ ယာဂင်ကလော့ပ်က မိုဆာလာကို အရမ်း ချီးကျူးထားပါတယ်။ ဒါပေမယ့် ဆာလာကို ချီးကျူးသင့်သလောက် ကလော့ပ် အမွှန်းတင်ထားနိုင်ရဲ့လားတောင် ကျနော် မသိပါဘူး။

ကျနော် အတွေးထဲမှာတော့ ဆာလာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဆိုတဲ့ ကစားသမားပါ။ သူလုပ်ပြခဲ့တဲ့ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုက အဲ့လယ်ဗယ်မှာကို ရှိနေစေပါတယ်။

ဆာလာဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်သမားတွေထဲက တစ်ဦးပါ။ အကောင်းဆုံး ၁၀ ဦးထဲက တစ်ဦး မဟုတ်ဘဲ အကောင်းဆုံး တိုက်စစ်သမား ၃ ဦးထဲက တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့လို ကစားသမားမျိုးကို ရင်ဆိုင်ရမှတော့ ပြဿနာတွေ ရှိလာပြီပေါ့။

ဒုတိယဂိုးမှာ ကျနော်တို့က လုံလောက်တဲ့ ခံစစ်ကာကွယ်မှု မလုပ်မိခဲ့ဘူး။ ဒါပေမယ့် ပထမဂိုးကတော့ လီဗာပူးတိုက်စစ်ရဲ့ အမှတ်လက္ခဏာပါပဲ။ ကျနော်တို့ ဘောလုံး ဆုံးရှုံးတယ်၊ လီဗာပူးအသင်း ကောင်တာတိုက်စစ်ဆင်တယ်၊ ဘန်းဆိုပြီး ဆာလာထံ ဘောလုံးရောက်သွားပြီး ဂိုးသွင်းသွားတော့တာပဲ။

ဒါပေမယ့် ကစားသမားတိုင်းက ဒီလို အနေအထားမှာ ဂိုးယူနိုင်တာ မဟုတ်ပါဘူး။ ဒါကပဲ ဆာလာက ဘယ်လောက်တောင် ထူးချွန်တယ်ဆိုတာ မြင်နိုင်ပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

မနှစ်ကရာသီ လီဗာပူးအသင်း ကျဆုံးမှုတွေကြောင့် ဘလွန်းဒီအောမှာ နံပါတ် ၁၁ နေရာပဲ ချိတ်ဆက်ခဲ့တဲ့ ဆာလာဟာ ဒီရာသီမှာတော့ အသင်းကို သွင်းဂိုးတွေဖြင့် ပြန်ဆွဲတင်နေပြီ ဖြစ်ပါတယ်။