လီဗာပူးအသင်းရဲ့ Anfield Road Stand အပေါ်ပိုင်း တိုးချဲ့မှုဟာ အစီအစဉ်တကျ ဖြစ်လာတဲ့နောက် ခုံတပ်ဆင်မှုတွေ အားလုံး ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။
ဒီရာသီအစ စက်တင်ဘာလအတွင်းမှာ အန်ဖီးကွင်းရဲ့ ပေါင် သန်း ၈၀ တန် တိုးချဲ့မှုကို အပြီးသတ်ဖို့ မျှော်လင့်ခဲ့ပေမယ့် မမျှော်လင့်ဘဲ ဆောက်လုပ်ရေး ကုမ္ပဏီဘက်က ဘဏ္ဍာရေး အခက်အခဲ ရင်ဆိုင်ရခြင်းနဲ့အတူ ကွင်းတိုးချဲ့မှုကလည်း ရပ်ဆိုင်းခဲ့ရပါတယ်။
ဖြစ်နိုင်သလောက် အမြန်ဆုံး ဆက်ပြီး အပြီးသတ်ဖို့ရာ Rayner Rowen Construction နဲ့ ပြောင်းလဲ စာချုပ်ချုပ်ခဲ့ပေမယ့် အသေးစိတ်ကျတဲ့ ဆောက်လုပ်ရေးဆိုင်ရာ ကိစ္စတွေမှာ လက်လွဲယူရေး လေ့လာဖို့ အချိန်လိုအပ်ချက် ရှိခဲ့တာမို့ ကာလတစ်ခုကြာ ရပ်နားခဲ့ရပါတယ်။
ဒီကာလတွေအတွင်း လီဗာပူးအသင်းဟာ ပရိသတ် ၄၀၀၀၀ အောက်ပဲ လက်ခံနိုင်ခြင်းနဲ့အတူ တစ်ပွဲကို ပေါင် ၇၅၀၀၀၀ နှုန်း ဆုံးရှုံးနေခဲ့ပြီး ၂၀၂၄ မတိုင်ခင် ကွင်းပြည့် လက်ခံနိုင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။
နောက်ဆုံးရ အခြေအနေမှာတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ လူတန်တောင်းပွဲမှာ ကွင်းအပေါ်ဘက်ခြမ်းကို ဖွင့်နိုင်မယ်လို့ မျှော်လင့်လာရပြီ ဖြစ်ပါတယ်။ အဲ့ရက်ထက် ပိုမိုသေချာတဲ့ ရက်စွဲကတော့ မတ်လ ၉ ရက်နေ့ မန်စီးတီးပွဲမှာ ဒီရာသီ ပထမဆုံးအကြိမ် ကွင်းပြည့် ဧည့်ခံဖို့ ဖြစ်ပါတယ်။
ကွင်းပြည့် ပရိသတ်တွေ ဝင်ခွင့်ပေးနိုင်ရေးဟာ မြို့ကောင်စီထံက ခွင့်ပြုမှု ရဖို့ လိုအပ်နေတာဖြစ်ကာ အိမ်ကွင်းပွဲ ၁၈ ပွဲ ဝန်းကျင်ကို အကန့်အသတ်ဖြင့် ပရိသတ် ဝင်ခွင့်ပေးခဲ့ရတာနဲ့အတူ လီဗာပူးအသင်းဟာ ပေါင် ၁၃.၅ သန်း ဝန်းကျင် ဆုံးရှုံးမယ်လို့တော့ သိထားရပါတယ်။