၂၀၂၄ မှာ အန်ဖီးကွင်းနဲ့ ဆာလာကိစ္စ ဖြစ်လာဖွယ်ရှိ၊ ဘုန်းမောက် ခံစစ်မှူးကို စိတ်ဝင်စားခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

လီဗာပူးအသင်းဟာ မိုဆာလာကို စာချုပ်သစ် ထပ်ပေးဖို့ စဉ်းစားနေပါတယ်။ ၂၀၂၅ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ ဆာလာကို ဆော်ဒီအန္တရာယ်ကနေ ထိန်းသိမ်းဖို့ ၂၀၂၄ ခုနှစ်ထဲ စာချုပ်သစ် ပေးအပ်နိုင်ပါတယ်။

မတ်လ ၉ ရက်နေ့ မန်စီးတီးနဲ့ ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အန်ဖီးကွင်းကို ကွင်းပြည့် ပြန်ဖွင့်ဖို့ လီဗာပူးအသင်းဘက်က ရည်ရွယ်ထားပါတယ်။

အယ်လီဆန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးကာကွယ်မှု အမြင့်ဆုံး လုပ်ထားနိုင်တဲ့ ဂိုးသမားဖြစ်ပါတယ်။

ကိုနတေးကို ဒဏ်ရာကြောင့် နိုင်ငံတကာ သီတင်းပတ် ပွဲတွေအတွက် သုံးနိုင်မှာ မဟုတ်ကြောင်း ပြင်သစ်ဘက်က အတည်ပြုပါတယ်။

အန်ဒိုဟာ ရုန်းကန်နေရတယ် ဆိုပေမယ့် လီဗာပူး ကစားသမားဘဝ စတင်ကာ အထိုင်ကျလာနေပြီလို့ ဘရန့်ဖိုဒ့်ပွဲ ခြေစွမ်းနဲ့ ပတ်သက်လို့ မှတ်ချက်တွေ ရနေပါတယ်။

ရော်ဘတ်ဆန်နေရာ တာဝန်ယူရတာက ထင်သလောက် မလွယ်ကူပေမယ့်လို့ ဘရန့်ဖိုဒ့်ပွဲမှာ ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်နိုင်ခြင်းက သူ့ရဲ့ ယုံကြည်မှုပိုင်းကို မြင့်တက်လာစေမယ်လို့ ကိုစတက်က ယုံကြည်နေပါတယ်။

စပို့တင်း ခံစစ်မှူး အန်နာဆီယိုကို လီဗာပူးဘက်က ကင်းထောက် စောင့်ကြည့်မှု ပုံမှန် ပြုလုပ်နေတယ်လို့ သိရပြီး ထူးခြား အခြေအနေတော့ မရှိသေးပါဘူး။

ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းထဲမှာ ပွဲကြီး ကစားဖို့ အကျန်ဆုံးက လီဗာပူးအသင်းဖြစ်ပြီး မန်စီးတီး၊ မန်ယူနိုက်တက်၊ အာဆင်နယ်တို့ဖြင့် ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။

ဘုန်းမောက်အသင်းမှ ခံစစ်မှူး လွိုက်ကယ်လီကို ခေါ်ယူဖို့ လီဗာပူးအသင်းကလည်း စောင့်ကြည့်နေပါတယ်။ ကယ်လီဟာ လာမယ့် နွေမှာ ဘုန်းမောက်နဲ့ စာချုပ်ကုန်မှာ ဖြစ်ပါတယ်။

လီဗာပူးသတင်းထောက်တွေက အန်ဒရေးကို ကလပ်ဘက်က စိတ်ဝင်စားမှု လျော့ကျလာကြောင်း ဖော်ပြပေမယ့် သတင်းထောက် ရိုမန်နိုကတော့ ဆက်လက် ကင်းထောက်နေဆဲလို့ ဆိုပါတယ်။

လီဗာပူး ယူ-၂၁ အသင်းရဲ့ လက်ထောက် နည်းပြဟာ စတီဗင်ဂျရတ်ရဲ့ Al-Ettifaq အသင်းထံ Opposition Analyst ရာထူးဖြင့် ပြောင်းရွှေ့သွားပါပြီ။