လက်ရွေးစင်တွေအတွက် လီဗာပူးအသင်းသား ၁၈ ဦး ရွေးချယ်ခံရပြီး ၁၀ ဦးကတော့ အက်ဆာမှာ ကျန်ခဲ့မည်

နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်မှာတော့ လီဗာပူး ကစားသမား ၁၈ ဦးထိ သက်ဆိုင်ရာ လက်ရွေးစင် အသင်းတွေအတွက် ရွေးချယ်ခံထားရပါတယ်။

ဒါပေမယ့် အသင်းသား ၁၀ ဦးကလည်း ဒဏ်ရာ ပြဿနာတွေကြောင့် အက်ဆာမှာပဲ ဆက်ရှိနေကြဦးမှာဖြစ်ပါတယ်။ နိုင်ငံတကာ သီတင်းပတ်ပြီးခဲ့ရင် လီဗာပူးအသင်းဟာ မန်စီးတီး အိမ်ကွင်းထံ သွားရောက်ပြီး ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ကစားရပါလိမ့်မယ်။

အီသီဟက် ခရီးစဉ် မတိုင်ခင် ကမ္ဘာတစ်လွှား ခရီးထွက်သွားမယ့် ကစားသမားတွေထဲ အသင်းရဲ့ အဓိက ကြယ်ပွင့်တွေ ပါဝင်နေပါတယ်။

ဗန်ဒိုက်နဲ့ ဂက်ပိုတို့က နယ်သာလန် လူစာရင်းအတွက် ရွေးချယ်ခံရပြီး ကလယ်ဟာက အိုင်ယာလန် လူစာရင်းမှာ ပြန်ပါလာပါတယ်။ အီဒါဆန် ဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့တာမို့ ဘရာဇီးရဲ့ အဓိက ဂိုးသမားက အယ်လီဆန် ပြန်ဖြစ်လာပါဦးမယ်။

မက်ကယ်လစ္စတာနဲ့ ဒါဝင် နူးညက်စ်တို့ တောင်အမေရိကကို ကိုလံဘီယာ ကြယ်ပွင့် ဒီယက်ဇ်နဲ့အတူ ထွက်ခွာသွားမှာ ဖြစ်ပါတယ်။ ဆာလာက အာဖရိက၊ အန်ဒိုက အာရှတွေကို ခရီးဆက်ကြမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းမှာတော့ ထရန့် တစ်ဦးတည်း ရွေးချယ်ခံရပြီး ဆိုဘိုစလိုင်း (ဟန်ဂေရီ)၊ ဂျိုတာ (ပေါ်တူဂီ)၊ ကိုစတက် (ဂရိ) တို့က ဥရောပမှာ ဆက်ရှိနေပါမယ်။

ယူ-၂၁ အဆင့်မှာ ဟာဗေး၊ ကွမ်းဆက်တို့ ရှိနေပါတယ်။ အင်္ဂလန် ယူ-၂၀ အတွက် ချမ်ဘာသွားကစားဖို့ ရှိပြီး ဗန်ဒုတ်က စကော့တလန် ယူ-၂၁ အတွက် ရွေးချယ်ခံထားရပါတယ်။ ပီတာလူဂါဟာ ဘရာဇီး ယူ-၂၃ အတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံထားရပါတယ်။

ဒဏ်ရာနဲ့ လက်ရွေးစင်တွေက ရွေးချယ်ခြင်း မခံရသူတွေကတော့ အတ်ဒရီယန်၊ မာတစ်၊ ဂိုးမက်စ်၊ ဘရတ်ဒလေ၊ ဂရာဗင်ဘက်ချ်၊ ကိုနတေး၊ ရော်ဘတ်ဆန်၊ သီယေဂို၊ ဘာ့ဂျ်ဆီတစ်၊ ကာတစ်ဂျုံးတို့ ဖြစ်ပါတယ်။