ဒါဝင်ကြောင့် ငုပ်နေတဲ့ ကလပ်ရဲ့ ဂိုးသွင်းစက်၊ ပေါ်တူဂီသားတွေကို ကင်းထောက်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

လီဗာပူးပရိသတ်တွေက ဒါဝင် နူးညက်စ်အပေါ် မျှော်လင့်ချက်ကြီးတွေ ပုံပေးပြီး စောင့်မျှော်နေကြပေမယ့် ကလပ်ရဲ့ အကောင်းဆုံး အဆုံးသတ်သူကြီး ဂျိုတာကို မေ့လျော့နေကြတယ်လို့ ထောက်ပြချက်တွေ ထွက်လာနေပါပြီ။

ဂျိုတာဟာ ဒီရာသီ လီဗာပူးအသင်းမှာ ဆာလာပြီးရင် ဂိုးသွင်း အများဆုံး တိုက်စစ်သမားအဖြစ် ၈ ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။

ဂက်ပိုဟာ လက်ရှိ လီဗာပူးအသင်းမှာ တစ်ကိုယ်ကောင်းဆန်မှု အနည်းဆုံး ကစားသမားဖြစ်ပြီး သူ့ရဲ့ တိုက်စစ်နေရာကို စွန့်လွှတ်ပြီး ကွင်းလယ်မှာ နည်းပြအလိုကျ ဆင်းကစားပေးနေကြောင်း အသိအမှတ်ပြုမှုတွေ ထွက်ပေါ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ညာအစွန်နေရာအတွက် လီဗာပူးရဲ့ ထရန့်ကို အလိုရှိနေပြီး ပေါင် သန်း ၇၀ ဖြင့် စတင် ကမ်းလှမ်းနိုင်ကြောင်း မာဆေးဆိုဒ် သတင်းမှာ ဖော်ပြသွားပါတယ်။

ပေါ်တူဂီ ကြယ်ပွင့်တွေဖြစ်တဲ့ ဂျာအိုနီဗက်စ်၊ အန်တိုနီယို ဆေးဗား၊ ဂွန်ကာလို အန်နာဆီယိုတို့ကို လီဗာပူးအသင်းက ကင်းထောက် စောင့်ကြည့်ခဲ့ပါတယ်။

လီဗာပူးအသင်းက ဝုဗ်အသင်း ဘယ်အစွန်လူ Rayan Ait-Nouri ကို သဘောကျနေကြောင်း ပေါ်တူဂီ သတင်းထောက်တွေကလည်း ဖော်ပြလာနေကြပါပြီ။

ဒီယက်ဇ် မိသားစုနဲ့ သူ့ရဲ့ ဖခင်တို့ ကိုလံဘီယာမှာ ပြန်ဆုံတွေ့ကြပြီ ဖြစ်ပါတယ်။ သူတို့လိုပဲ အခြေအနေ အကြောင်းကြာင်းတွေကြောင့် တနယ်စီ ကွဲကွာနေတဲ့ ပြည်တွင်းက လီဗာပူး မိသားစုဝင်တွေ ဘေးရန်ကင်းကင်း ပြန်ဆုံစည်းနိုင်ကြဖို့ ဆုတောင်းပါတယ်။

လီဗာပူး ယူ-၂၁ အသင်းဟာ သမိုင်းမှာ ပထမဆုံးအဖြစ် EFLTrophy ရဲ့ ရှုံးထွက်အဆင့်ထံ တက်ရောက်သွားပါပြီ။

လီဗာပူးနဲ့ မန်စီးတီးပွဲမှာ ဒဏ်ရာရနေတဲ့ အီဒါဆန်နဲ့ ခံစစ်မှူး ဂျွန်စတုန်းတို့ ပြန်ပါလာမယ်လို့ သိရပါတယ်။

ပက်ဂွာဒီယိုလာဟာ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ၂ ပတ် ၃ ပတ်အတွင်းမှာ သူ့ရဲ့ မီဒီယာတွေ့ဆုံမှုတိုင်း လီဗာပူးအကြောင်း ထည့်ထည့်ပြောလာနေရပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် ဂွာဒီယိုလာရဲ့ အင်တာဗျူးတွေဟာ မန်စီးတီး အကြောင်းထက် လီဗာပူးအကြောင်းက ပိုများတယ်လို့တောင် နောက်ပြောင်ခဲ့ရသေးတာပါ။