လီဗာပူးပွဲ မတိုင်ခင်မှာ မန်စီးတီး ကစားသမားတွေ လက်ရွေးစင်အသင်းက ယာယီ နှုတ်ထွက်

နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်အပြီး မန်စီးတီးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲဟာ ဒီရာသီ ချန်ပီယံပြေးလမ်းအတွက် အချိုးအကွေ့ တစ်ခု ဖြစ်လာနိုင်ပါတယ်။

အဲ့ပွဲစဉ်ဟာ ဘယ်အသင်း ချန်ပီယံဖြစ်မယ် ဆိုတာကို အဆုံးအဖြတ် ပေးမှာတော့ မဟုတ်ပါဘူး။ သို့ပေမယ့်လို့ ထိပ်ဆုံး ၅ သင်းကြား အမှတ်ကွာဟမှုဟာ ၃ မှတ်ပဲ ရှိတာမို့ အရေးနိမ့်တဲ့အသင်းဟာ အချိန်မရွေး ထိပ်ဆုံး ၄ သင်း ပြင်ပကို လွှင့်ထွက်သွားနိုင်ပါတယ်။

လီဗာပူးအသင်းမှာ ဒဏ်ရာရ ကစားသမားတွေ ရှိနေပြီး မန်စီးတီးမှာလည်း ကြံ့ခိုင်မှု ရုန်းကန်နေရသူတွေ ရှိနေချိန်မှာ ဂွာဒီယိုလာရဲ့ အသင်းကတော့ လက်ရွေးစင် ကစားသမား အချို့ကို အနားပေးဖို့ လုပ်ဆောင်နေပါပြီ။

ချယ်ဆီးပွဲ မတိုင်ခင်တည်းက ဒဏ်ရာရထားတဲ့ အကီဟာ နိုင်ငံတကာ သီတင်းပတ်မှာ နယ်သာလန် လူစာရင်းကနေ နှုတ်ထွက်ခဲ့ပါတယ်။ အီဒါဆန်၊ ကိုဗာဆစ်နဲ့ နူးနက်စ်တို့ကလည်း သက်ဆိုင်ရာ လက်ရွေးစင်တွေကနေ နှုတ်ထွက်သွားပါတယ်။

လက်ရွေးစင်တွေဘက်ကတော့ သူတို့ ၄ ဦးလုံးရဲ့ ဒဏ်ရာ ပြဿနာတွေကို ဖော်ထုတ်သွားခဲ့ပါတယ်။ လီဗာပူးပွဲမှာတောင် သူတို့ ၄ ဦးလုံး ပါနိုင်ဖို့ မသေချာဘူးလို့ ဆိုနေကြပေမယ့် သေချာပေါက် ပါလာမယ်ဆိုတာကို လီဗာပူးပရိသတ်တိုင်း သိကြပါလိမ့်မယ်။

လီဗာပူးဘက်ကလည်း ကိုနတေး၊ ကာတစ်ဂျုံးနဲ့ ဂရာဗင်ဘက်ချ်တို့ကို ဘရန့်ဖိုဒ့်ပွဲ မတိုင်ခင်တည်းက ဒဏ်ရာတွေကြောင့် အနားပေးထားပါတယ်။ ဒါပေမယ့် ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့လို အဓိက ကစားသမားတွေကတော့ လက်ရွေးစင်အသင်းတွေနဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။

အယ်လီဆန်ဟာ သောကြာနေ့မှ လီဗာပူးကို ပြန်ရောက်မှာဖြစ်ပြီး စနေနေ့ ၁၂ ခွဲပွဲအဖြစ် မန်စီးတီးထံ သွားရောက် ယှဉ်ပြိုင်ရမှာပါ။

ကလော့ပ်ကတော့ “ ဒီအခြေအနေမှာ ဘယ်သူမှ ဒါကို မပြောကြဘူးနော်။ ဘယ်လိုလုပ်ပြီး ဒီလို ပွဲတစ်ပွဲကို စနေနေ့ နေ့ခင်း ၁၂ နာရီခွဲမှာ ကစားဖို့ စီစဉ်လိုက်ကြတာလဲ? ဒါကို စီစဉ်တဲ့သူတွေက ဘောလုံးအကြောင်းကော သိကြရဲ့လား ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ နိုင်ငံတကာ သီတင်းပတ်တွေ အပြီး ပရီးမီးယားလိဂ် အစောဆုံးပွဲဖြစ်တဲ့ ၁၂ နာရီခွဲပွဲ ၃ ချိန်လုံးကို ပွဲချိန်ရထားတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ် ကလပ်ဖြစ်ပါတယ်။