လီဗာပူးနဲ့ ဆော်ဒီကြား မိုဆာလာရဲ့ စာချုပ်အတွက် လွန်ဆွဲပွဲ မကြာခင် စတင်လာပါတော့မယ်

လီဗာပူးအသင်းဟာ ကလပ်ရဲ့ အဓိက ကစားသမားဖြစ်တဲ့ မိုဆာလာကို ကလပ်မှာ နှစ်အတန်ကြာ ဆက်ထိန်းနိုင်ရေး ဆော်ဒီပရိုလိဂ်နဲ့ ယှဉ်ပြိုင်သွားရဖွယ် ရှိနေပါတယ်။

သတင်းထောက် Ben Jacobs က ” လာမယ့်နွေမှာ ဆာလာကို ခေါ်ယူဖို့ ဆော်ဒီဘက်က ပစ်မှတ်ထားနေဆဲပါ။ Al-Ittihad အသင်းကပဲ ဆာလာကို ကြိုးစားမှာ မဟုတ်ဘဲ Al-Hilal ကပါ တိုက်စစ်သမားကို ချိတ်ဆက်လာဖွယ် ရှိနေတာပါ ” လို့ ဖော်ပြခဲ့တယ်။

အခြားသော အပြောင်းအရွှေ့ သတင်းထောက်တွေကလည်း ဆော်ဒီဘက်က ဆာလာကို လိဂ်ပြိုင်ပွဲရဲ့ ပုံရိပ်အတွက် အလိုရှိနေကြောင်း ဖော်ပြထားကြပြီးပါပြီ။ ဆာလာဟာ လီဗာပူးနဲ့ ၂၀၂၅ ခုနှစ် နွေထိပဲ စာချုပ်ရှိထားကာ ၂၀၂၄ နွေဟာ အီဂျစ်သားအတွက် ပြောင်းရွှေ့ကြေးယူဖို့ တစ်ခုတည်းသော အခွင့်အရေးဖြစ်ပါတယ်။

David Ornstein ကတော့ ဆာလာဟာ ဥရောပမှာပဲ ဆက်နေပြီး အမြင့်ဆုံး အဆင့်တွေမှာ ဘောလုံးဆက်ကစားနိုင်တယ်လို့ ဖော်ပြထားတယ်။ ၂၀၂၅ စာချုပ်ကုန်ရင် အသက် ၃၃ နှစ်ပဲ ရှိဦးမယ့် ဆာလာဟာ နောက်ထပ် နှစ်အနည်းငယ် အကောင်းဆုံး ခြေစွမ်းပြနိုင်ဖွယ် ရှိနေပါသေးတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ပွဲ ၁၂ ပွဲမှာ ကိုယ်တိုင် ၁၀ ဂိုး သွင်းပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ် လုပ်ထားတဲ့ ဆာလာကို သက်တမ်းတိုးဖို့ လီဗာပူးဘက်က စဉ်းစားနေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေကာ နှစ်သစ်ကူးပြီးရင်တော့ သတင်းတစ်ခုခု ကြားသိရမယ် မျှော်လင့်ရတာ ဖြစ်ပါတယ်။