လီဗာပူးနဲ့ ယာဂင်ကလော့ပ်ကို သူ သက်သေပြလိုတဲ့ ကိစ္စအား ဆိုဘိုစလိုင် ပြောပြလာ

ကွင်းလယ်လူ ဒေါမနစ် ဆိုဘိုစလိုင်က သူဟာ နည်းပြကလော့ပ်ရဲ့ ကွင်းလယ်မှာ ထိုက်တန်စွာ နေရာရလာသူဆိုတာကို အားလုံးသိအောင် သက်သေပြလိုနေပါတယ်။

ဒီနွေမှာ လီဗာပူးအသင်းဟာ မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်တို့ကို အလွတ်ဖြင့် ထုတ်ခဲ့ပြီးနောက် ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ကိုလည်း ရောင်းချခဲ့ပါတယ်။ ကွင်းလယ်လူ သီယေဂိုကလည်း ဒဏ်ရာကြောင့် အခုချိန်ထိ မကစားနိုင်သေးပါဘူး။

အခြေအနေတွေအရ ဆိုဘိုဟာ လီဗာပူး ကွင်းလယ်မှာ တိုက်ရိုက် ပွဲကစားခွင့် ရလာခဲ့တယ်။ ရွေးချယ်စရာ မရှိတော့လို့ ကလော့ပ်ရဲ့ နေရာပေးခံနေရခြင်း မဟုတ်ဘဲ စွမ်းဆောင်ရည် ကောင်းလို့ နေရာရတာဖြစ်ကြောင်း အားလုံးကို သိစေချင်နေတာက ဆိုဘိုစလိုင်ရဲ့ ဆန္ဒဖြစ်ပါတယ်။

ဆိုဘိုကပဲ ” ကျနော်ကတော့ နည်းပြကလော့ပ်နဲ့ ကလပ်ဘက်က သဘောတူညီခဲ့ခြင်းတွေကို အခွင့်သာလို့ မဟုတ်ဘူးဆိုတာမျိုး သက်သေပြချင်ပါတယ်။ တတ်နိုင်ရင် ပွဲတွေမှာ ကျနော် ပြန်ပြီး သက်သေပြလိုပါတယ်။

သူတို့တွေကို လီဗာပူး ကွင်းလယ် တစ်ခုလုံး အပြောင်းအလဲ လုပ်လိုက်လို့ ဟန်ဂေရီ ကစားသမားက နေရာရလာခဲ့တာ ဆိုတာမျိုး မထင်စေချင်ဘူး။ အရင် ကစားသမားတွေ ဆက်ရှိနေရင်တောင်မှ ကျနော်က ကွင်းလယ်မှာ ရွေးချယ်ခံရမယ့်သူ ဆိုတာ အားလုံးသိအောင် ပြချင်တယ် ” လို့ ထုတ်ပြောလာခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီရာသီ လီဗာပူးနဲ့အတူ တိုးတက်လာခဲ့ပေမယ့် အနာဂတ် အရှည်ကြီး ရှိနေသေးတာပါ။ အရေးကြီးတဲ့ လမယ့် လတွေမှာ ဆိုဘိုထံက ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ထပ်မြင်ရဖို့ မျှော်လင့်မိတာ ဖြစ်ပါတယ်။