အန်ဖီးကွင်းမှာ ဂိမ်းလာဆော့နေတဲ့ ဘောလုံးပရိသတ်ကြောင့် လီဗာပူး ပရိသတ်တွေကြား ပွဲဆူ

လီဗာပူးက စပါးအသင်းကို ၄-၃ ဖြင့် အနိုင်ရခဲ့တဲ့ စိတ်လှုပ်ရှားစရာ ပရီးမီးယားလိဂ်ပွဲမှာ ပရိသတ်တစ်ဦးက ဘောလုံးပွဲ မကြည့်ဘဲ ကွင်းထဲမှာ ဖုန်းနဲ့ ဂိမ်းထိုင်ဆော့နေခဲ့တာမို့ လီဗာပူးပရိသတ်တွေကြား အတော်လေး ပွက်လောရိုက်ခဲ့ပါတယ်။

အန်ဖီးပွဲကြည့်စင်ရဲ့ အပေါ်ဘက်ပိုင်းမှာ ထိုင်နေတဲ့ ပရိသတ်တစ်ဦးဟာ ကွင်းထဲက ကစားမှုကို အားပေးရမယ့်အစား ဂိမ်းထိုင်ဆော့နေခဲ့တာပါ။ အဖွင့် ၁၅ မိနစ်မှာတင် ၃ ဂိုးရခဲ့သလို ဒုတိယပိုင်းမှာ စပါးတို့ ပြန်လာနိုင်ခဲ့တဲ့ အဆိုပါပွဲဟာ ဂိမ်းထိုင်ဆော့နေရအောင် ပျင်းရိစရာ ပွဲတစ်ပွဲ မဟုတ်ခဲ့ပါဘူး။

လီဗာပူးပရိသတ် တစ်ဦးက အဆိုပါပုံကို ရိုက်မိခဲ့ရာကနေ တွစ်တာမှာ တင်ခဲ့တာဖြစ်ပြီး ဂိမ်းနှိပ်နေတဲ့ ပရိသတ်ဟာ ဘယ်အသင်း ပရိသတ်မှန်း မသိပေမယ့် လီဗာပူး ပရိသတ်ဖြစ်မယ်လို့ ယူဆရပါတယ်။ အဲ့အချိန်မှာ ပွဲက ၃-၁ ဖြစ်နေပြီး စပါးက ထောင့်ကန်ဘော ကန်ခွင့်ရထားတာလို့လည်း သိရတယ်။

များစွာသော ပရိသတ်တွေဟာ အန်ဖီးကွင်းထဲ ဝင်ကြည့်ခွင့်အတွက် တစ်ရာသီစာ လက်မှတ် ဝယ်ယူနိုင်ရေး မျှော်လင့်စောင့်ဆိုင်းနေရချိန်မှာ ကွင်းထဲ ဝင်ခွင့်ရတဲ့ ပရိသတ် တစ်ဦးက အသင်းကို အားမပေးခြင်းအပေါ် အတော်လေး စိတ်ဆိုးနေကြတာ ဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်အတွက် လီဗာပူးပရိသတ်တွေက…

” ဘောလုံးပွဲ ယှဉ်ပြိုင်နေတာကို ဖုန်းနဲ့ ဂိမ်းပဲ နှိပ်နေမယ်ဆိုရင် ဘာလို့များ ကွင်းထဲဝင်လာနေသေးတာလဲ? ကင်မရာသမားကကော ဘောလုံးပွဲ မကြည့်ပါဘဲ ဘာလို့ သူများ ဘာလုပ်နေလဲပဲ လိုက်ရိုက်နေတာလဲ? ”

” ဒီလိုကိစ္စတွေကြောင့် ငါ့ရဲ့ တစ်ရာသီစာ လက်မှတ်ကို ပြန်ယူခဲ့တာပဲ။ မဟုတ်ရင် တိုးရစ်တွေကို လက်မှတ်ခွဲတမ်း တိုးပေးပြီး တကယ့် ပရိသတ် အစစ်တွေက ကွင်းထဲ ဝင်လို့မရတော့ဘူး ဖြစ်သွားမယ်။ ”

” ငါတော့ ဒီမြင်ကွင်းကို သိပ်စိတ်ဆိုးမိတယ်။ အကယ်လို့ သူ့နေရာမှာ ငါသာဆိုရင် ရင်ဘတ်ကြီး ကွဲမတတ် အော်ဟစ် အားပေးနေမိမှာပဲ။ ”

” တကယ့် ဟာသပါကွာ။ ထောင်ပေါင်းများစွာသော လီဗာပူးပရိသတ်တွေမှာ ကွင်းထဲ ဝင်ခွင့် လက်မှတ်ရဖို့ ခက်ခဲနေချိန် ဒီလိုပရိသတ်က ကွင်းထဲ ရှိနေတယ်တဲ့လား။ ”

” သူက စပါးပရိသတ်လည်း ဖြစ်နေရင် ဖြစ်နေမှာပေါ့။ သူတို့အသင်း ၃ ဂိုးပြတ် ရှုံးနေလို့ စိတ်ပျက်ပျက်နဲ့ ဂိမ်းထိုင်နေတာ မဖြစ်နိုင်ဘူးလား ” စသဖြင့် တုန့်ပြန်ခဲ့ကြပါတယ်။