

လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ ကွင်းလယ်ခံစစ်နေရာ အင်အားဖြည့်ဖို့ မသေချာပေမယ့် အချို့သော ကစားသမားတွေကို ချိန်ရွယ်နေကြောင်း သိထားရပါတယ်။
နွေစျေးကွက်တုန်းက ဖလူမီးနက်စ်အသင်းမှ အန်ဒရေးဟာ ကလပ်ရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်ခဲ့ပေမယ့် ဘရာဇီးသားထံမှ ငြင်းဆန်ခံရခြင်းကြောင့် အန်ဒိုကို ပြောင်းလဲ ခေါ်ယူခဲ့တယ်။ နောက်ပိုင်းမှာ ဂရာဗင်ဘက်ချ်ကို ထပ်ခေါ်ပေမယ့် ကွင်းလယ် နံပါတ် ၈ သမားအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ကွင်းလယ်ခံစစ်နေရာ အားဖြည့်ရေးအတွက် လေ့လာမှုတွေ ပြုလုပ်နေဆဲဖြစ်ကာ ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းမှ အာဂျင်တီးနား ကွင်းလယ်လူ Exequiel Palacios အပေါ် စိတ်ဝင်စားမှု ရှိနေဆဲလို့ သိရပါတယ်။
ဩဂုတ်လမှာတည်းက The Athletic ကနေ လီဗာပူးအသင်းဟာ Exequiel Palacios ကို ချိတ်ဆက်နေကြောင်း ဖော်ပြခဲ့ပေမယ့် တိုးတက်တဲ့ အခြေအနေထိ မရောက်ခဲ့ပါဘူး။ ဒီလတွေအတွင်း ဂျာမာန်သတင်းထောက် Christian Falk ကပဲ
” လီဗာပူးနဲ့ ကောလဟာလ သတင်းတွေ ထွက်နေပေမယ့် လေဗာကူဆင်က Exequiel Palacios ကို ရောင်းထုတ်လိုခြင်း မရှိပါဘူး။ လေဗာကူဆင်က ဘွန်ဒက်လီဂါမှာ အတော်လေး အခြေအနေ ကောင်းမွန်နေပြီး ဒီရာသီအတွက် Palacios က အရေးကြီး အစိတ်အပိုင်းအဖြစ် ပါဝင်နေမှာပါ ” လို့ ဖော်ပြလာခဲ့တယ်။
လေဗာကူဆင်အသင်း ဆုဖလား စိန်ခေါ်နိုင်နေတဲ့ အခြေအနေအရ အဓိက ကစားသမားတိုင်းကို ဆက်ထိန်းသွားမှာ ဖြစ်သလို Palacios အတွက် လီဗာပူးက ကမ်းလှမ်းခဲ့ရင်လည်း ပယ်ချခံရမယ့် အခြေအနေ ဖြစ်ပါတယ်။