ဒီယက်ဇ်နဲ့ ဘာစီလိုနာ ကိစ္စ၊ ကွင်းလယ်မှာ ကစားချင်နေတဲ့ ထရန့်၊ မန်စီးတီးပွဲ ပါနိုင်မယ့်သူ ၄ ဦးနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

အင်္ဂလန်အသင်းက မာတာကို ၂-၀ ဖြင့် အနိုင်ရတဲ့ ယူရို ခြေစစ်ပွဲမှာ ထရန့်က ကွင်းလယ်ကနေ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပါတယ်။

အဆိုပါပွဲမှာ မာတာကွင်းဘက်ခြမ်းအတွင်း ထရန့်နဲ့ ရက်ဖိုဒ့်တို့ တိုက်မိခဲ့ကြပေမယ့် ပြင်းပြင်းထန်ထန် ဒဏ်ရာမျိူးတွေ ရခဲ့ခြင်း မရှိပါဘူး။

ဒီယက်ဇ်ဟာ ဘာစီလိုနာကို အထင်ကြီးသူဖြစ်ကြောင်း ဖခင်ဖြစ်သူက ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ဒီယက်ဇ်ကို ကြိုဆို ကမ်းလှမ်းမှုလုပ်ခဲ့တာ ပေါ်တိုနဲ့ လီဗာပူးပဲ ရှိခဲ့ဖူးတယ်လို့ သူက ထုတ်ပြောသွားပါတယ်။

ဗန်ဒိုက်ကတော့ ဒူးဒဏ်ရာက သက်သာလာခဲ့ပေမယ့် ပြန်ဖြစ်နိုင်တဲ့ အခြေအနေအတွက် စိုးရိမ်နေခဲ့ရပြီး အခုချိန်မှာတော့ ဒဏ်ရာကနေ ဘာခံစားချက်မှ မရှိတော့ဘဲ ရှင်းရှင်းလင်းလင်း ပျောက်ကင်းသွားပြီလို့ ဆိုပါတယ်။

ကွင်းလယ်လူတွေဖြစ်တဲ့ ဂရာဗင်ဘက်ချ်၊ ကာတစ်ဂျုံး အပြင် ခံစစ်သမားတွေဖြစ်တဲ့ ကိုနတေး၊ ဂိုးမက်စ်တို့ကလည်း မန်စီးတီးပွဲအတွက် အဆင်သင့်ဖြစ်နေကြမယ်လို့ သတင်းထောက် David Lynch က ဆိုပါတယ်။

ထရန့်ကတော့ သူ့ရဲ့ အကောင်းဆုံး အရည်အချင်းတွေကို ဖော်ထုတ်နိုင်မယ့် နေရာဟာ ကွင်းလယ်ဖြစ်ကြောင်းနဲ့ ကွင်းလယ်ကနေ ပွဲဖတ်ပြီး တိုက်စစ်သမားတွေအတွက် ဖန်တီးပေးဖို့ဟာ သူပိုင်နိုင်တဲ့ အရာလို့ အင်္ဂလန်အသင်းမှာ ပူးပေါင်းစဉ် ထုတ်ပြောပါတယ်။

လေဗာကူဆင် ဥက္ကဋ္ဌကတော့ သူတို့ကလပ်နဲ့ အလွန်ဆိုကြားမှာ စာချုပ်ပါ အချက်အလက်တွေနဲ့ ချုပ်နှောင်ထားတာမျိုး မရှိဘူးလို့ ထုတ်ပြောသွားပါတယ်။

အဲဗာတန်ကို ၁၀ မှတ်လျော့ပေမယ့် မန်စီးတီးကို ပေးမယ့် ပြစ်ဒဏ်ကတော့ အဲ့လို ပြင်းထန်မှာ မဟုတ်ကြောင်း လီဗာပူးပရိသတ်တွေက ထင်မြင်ချက် ပေးနေကြပါတယ်။

မန်စီးတီး ကွင်းလယ်လူ ကိုဗာဆစ်ဟာ ဒဏ်ရာကြောင့် ၃ ပတ် အနားယူရမှာဖြစ်ပြီး အီသီဟက်မှာ ယှဉ်ပြိုင်မယ့် လီဗာပူးပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။