ဂရာဗင်ဘက်ချ်၊ ကာတစ်ဂျုံး အပါအဝင် လီဗာပူးရဲ့ ဒဏ်ရာရ ကစားသမားတွေရဲ့ နောက်ဆုံးရ အခြေအနေ

ဘရန့်ဖိုဒ့်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နည်းပြကလော့ပ်ဟာ ကစားသမား အချို့ကို ဒဏ်ရာ ပြဿနာတွေကြောင့် ရွေးချယ်နိုင်ခဲ့ခြင်း မရှိပါဘူး။

သို့ပေမယ့်လို့ နိုင်ငံတကာ သီတင်းပတ်အပြီး မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းသား အများစု ပြန်ပါလာနိုင်မယ်လို့ သိရပါတယ်။ ဒဏ်ရာမရပေမယ့် ၅ ကြိမ် အဝါကဒ်ထိလို့ ၁ ပွဲပယ်ခံထားရတဲ့ မက်ကယ်လစ္စတာလည်း လူစာရင်းထဲ ပြန်ပါလာနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံပွဲတွေ ရှိနေတဲ့ ဒီအပတ်မှာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ကျန်နေခဲ့တဲ့ လီဗာပူး ကစားသမားတွေရဲ့ ဒဏ်ရာ အခြေအနေ တိုးတက်မှုတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဂိုးမက်စ်နဲ့ ကိုနတေးတို့ဟာ ဒဏ်ရာတွေကြောင့် ဘရန့်ဖိုဒ့်ပွဲမှာ ပါဝင်ခဲ့ကြခြင်း မရှိပါဘူး။ ကိုနတေးဟာ အသေးစား တံကောက်ကြော ဒဏ်ရာကြောင့် ပြင်သစ် လူစာရင်းကနေပါ နှုတ်ထွက်ထားရပါတယ်။ သူတို့ နှစ်ဦးလုံးဟာ မန်စီးတီးပွဲအတွက် အဆင်သင့်ဖြစ်နေမယ်လို့ သိရပါတယ်။

ဂရာဗင်ဘက်ချ်ကတော့ ဒူးဒဏ်ရာကြောင့် ပရီးမီးယားလိဂ် ၄ ပွဲဆက် ပွဲထွက်ခွင့် ဆုံးရှုံးခဲ့သူ ဖြစ်ပါတယ်။ သူဟာ မန်စီးတီးပွဲအတွက် အဆင်သင့်ဖြစ်နေမယ့် ကာတစ်ဂျုံးနဲ့အတူ ပွဲထွက် ၁ နေရာအတွက် ယှဉ်ပြိုင်ရမှာပါ။ ဂျုံးကလည်း အသေးစား တံကောက်ကြော ဒဏ်ရာ ဖြစ်ပါတယ်။

ရော်ဘတ်ဆန်နဲ့ ဘရတ်ဒလေတို့ နှစ်ဦးက ပြန်လည် ထူထောင်ရေးတွေ လုပ်ဆောင်နေဆဲဖြစ်ကာ နှစ်သစ်မကူးခင်ထိ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ သီယေဂိုကလည်း ၂၀၂၄ မှ ကစားနိုင်မှာဖြစ်ကြောင်း နည်းပြကလော့ပ်က အတည်ပြုထားပါပြီ။

မနှစ်ကရာသီကုန်ခါနီး ဒဏ်ရာရခဲ့တဲ့ ဘာ့ဂျ်ဆီတစ်ဟာ ဒီရာသီမှာ ပြန်သက်သာလာပေမယ့် ဒဏ်ရာဟောင်း ပြန်ပေါ်ခဲ့တာကြောင့် အနားယူနေရကာ ၂၀၂၄ မှ ပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။