လီဗာပူးနဲ့ ဗန်ဒိုက်ကြား ရိုးတိုးရိပ်တိတ် သတင်းတွေ စတင်ထွက်ပေါ်

မနှစ်ကရာသီ ခက်ခဲမှုတွေအပြီး ဒီရာသီမှာတော့ ဗန်ဒိုက်ဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို ပြန်ရနေပြီ ဖြစ်ပါတယ်။

၂၀၂၀ မှာ ACL ဒဏ်ရာရခဲ့ပြီးနောက် ပြန်ထူထောင်နိုင်ခဲ့ပေမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ဥရောပမှာ ပွဲကစားချိန် မိနစ် အများဆုံး ကစားသမားအဖြစ် ပြင်းထန်တဲ့ အမှတ်ပေးပွဲတွေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေဟာ ဗန်ဒိုက်ရဲ့ တိုးတက်နေတဲ့ ကြံ့ခိုင်မှုကို ရပ်တန့်စေခဲ့ပါတယ်။

မနှစ်ကရာသီမှာ ဗန်ဒိုက်ဟာ ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ တောင်းဆိုမှုကြောင့် ခြေစွမ်း ကြီးကြီးမားမား ကျဆင်းသွားခဲ့တယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းခေါင်းဆောင်ရဲ့ ရွှေ့လျားနိုင်စွမ်းတွေဟာ အကောင်းဆုံး အခြေအနေကို ပြန်ရောက်လာခဲ့ပါပြီ။

The Athletic က ဖော်ပြရာမှာ ၂၀၂၅ မှာ လီဗာပူးနဲ့ စာချုပ်ကုန်တော့မယ့် အသက် ၃၂ နှစ်အရွယ် ခံစစ်မှူးဟာ အသင်းမှာပဲ ဖြစ်နိုင်သလောက် အကြာကြီး ဆက်ရှိလိုနေပါတယ်။

စာချုပ်ကုန်ချိန်မှာ အသက် ၃၄ နှစ်အရွယ် ရောက်နေမယ့် ဗန်ဒိုက်ကတော့ ချယ်ဆီး ခံစစ်မှူး သီယေဂိုလိုပဲ အသက် ၃၉ နှစ်လောက်ထိ အမြင့်ဆုံး အဆင့်မှာ ဆက်ကစားလိုနေတာပါ။ သီယေဂိုတောင် လုပ်နိုင်ရင် သူလည်း မလုပ်နိုင်စရာ မရှိဘူးလို့ ဗန်ဒိုက်က မြင်ထားပါတယ်။

ဗန်ဒိုက်ဟာ ဒူးဒဏ်ရာကြောင့် စိုးရိမ်ရခြင်း မရှိဖို့ ပုဂ္ဂိုလ်ရေးရာ physio သမားကို ခန့်အပ်ထားပြီး လီဗာပူးအသင်းနဲ့ မဟုတ်တဲ့ ညပိုင်းတွေအပြင် ကမ္ဘာတစ်လွှား သူဘယ်ကိုပဲ သွားသွား physio သမားကို အတူခေါ်သွားလေ့ ရှိပါတယ်။

ယူရိုပါလိဂ် ပြိုင်ပွဲကလည်း ဗန်ဒိုက်ရဲ့ ပွဲစဉ် ဇယားတွေကို ၃ ရက်တစ်ပွဲအစား နားရက်ရတာတွေ ဖြစ်လာစေခဲ့တယ်။ ကာရာဘောင်းပွဲတွေမှာလည်း ဗန်ဒိုက်ကို မသုံးတော့ဘဲ အနားပေးလေ့ရှိပါတယ်။ ဒီလို ပွဲကစားချိန်တွေ လျော့ချပေးခြင်းဟာ ဗန်ဒိုက်ရဲ့ ကြံ့ခိုင်မှုကို ရာနှုန်းပြည့်မှာ အမြဲတမ်း ရှိနေစေတယ်။

အနာဂတ်မှာတော့ လီဗာပူးအသင်းဟာ ဗန်ဒိုက်ကို အသင်းမှာ အသက် ၄၀ လောက်ထိ ရှိနေစေမယ့် ကာလရှည် စာချုပ်မျိုး ပေးအပ်လာနိုင်တယ်လို့ သတင်းထောက် Simon Hughes က ဖော်ပြလာခဲ့ပါတယ်။