ဟန်ဂေရီကို ယူရို ပို့ပေးလိုက်တဲ့ ဆိုဘိုစလိုင်၊ ဆာလာ တိုက်ခိုက်ခံရမှု၊ အန်နာဆီယို ပြောင်းရွှေ့ကြေးနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေဟာ ရုပ်သံလွှင့်ကြေး အချိုး ပိုရဖို့အတွက် ဒီအပတ်ထဲမှာ အားထုတ်မှု တစ်ခု ပြုလုပ်သွားကြဖို့ ရှိနေပါတယ်။

အီဂျစ်အသင်းပွဲစဉ်မှာ လီဗာပူးဂျာစီ ဝတ်ဆင်ထားတဲ့ ပရိသတ်တစ်ဦးဟာ ကွင်းထဲကို ဝင်ရောက်လာပြီး ဆာလာရဲ့ ခြေထောက်ကို နမ်းဖို့ ကြိုးစားခဲ့သလို အခြား ပရိသတ် တစ်ဦးကတော့ ဝင်ရောက် တိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။

အာဖရိကမှာ ဆာလာရဲ့ လွှမ်းမိုးမှုဟာ အရှိန်အဟုန်ဖြင့် တိုးတက်နေတာကြောင့် သူ့ကို ချစ်ခင်သူတွေကော မုန်းတီးသူတွေပါ ကွင်းထဲဝင်လာမှုတွေ ပိုများလာနေတာကြောင့် အထူး လုံခြုံရေးတွေပါ ပေးနေရပါတယ်။

ကွင်းလယ်လူ ဘာ့ဂျ်ဆီတစ်ကတော့ သူဟာ အသင်းဖော် ဆာလာထံက အများကြီး သင်ယူနေပြီး အီဂျစ်သားဟာ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ gym မှာ သူလုပ်ရမယ့် လေ့ကျင့်ရေးတွေကို မပြတ်မကွက် လုပ်ဆောင်တယ်လို့ ထုတ်ပြောသွားပါတယ်။

ဟန်ဂေရီက မွန်တီနီဂရိုးအသင်းကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ အသင်းခေါင်းဆောင် ဆိုဘိုစလိုင်က ကိုယ်တိုင် သွင်းဂိုး ၂ ဂိုးကို သွင်းယူခဲ့ပါတယ်။

အဆိုပါပွဲအပြီးမှာ ဆိုဘိုစလိုင်ဟာ ပရိသတ်တွေ ကမ်းပေးလာတဲ့ ဘရန်ဒီတစ်ခွက်ကို သောက်ပြီး ၂၀၂၄ ယူရို ခြေစစ်ပွဲ အောင်မြင်ခြင်းအတွက် ကွင်းထဲက ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။

လီဗာပူးကို ရင်ဆိုင်ရမယ့်ပွဲမှာ ဟာလန်း ပါဝင်နိုင်မှာဖြစ်လို့ ဗန်ဒိုက် vs ဟာလန်း ပြိုင်ဆိုင်မှုဟာ အတော်လေး စိတ်ဝင်စားဖွယ် ကောင်းမွန်လိမ့်မယ်လို့ ဝေဖန်ရေးသမားတွေက ထင်ကြေး ပေးနေကြပါတယ်။

ပေါ်တူဂီသတင်းဌာနတွေကတော့ စပို့တင်း ခံစစ်မှူး အန်နာဆီယိုကို ခေါ်ယူနိုင်ရေးအတွက် လီဗာပူးက ရေပန်းအစားဆုံးဖြစ်ပြီး စာချုပ်ပါကြေး ပေါင် ၅၂.၅ သန်း ပေးရမယ်လို့ ဖော်ပြနေပါတယ်။

လီဗာပူး တာဝန်ရှိသူတွေဟာ နာပိုလီ တိုက်စစ်သမား ကာဗရာရဲ့ ကိုယ်စားလှယ်တွေဖြင့် တွေ့ဆုံမှု လုပ်ခဲ့တယ်လို့ သတင်းအချို့ ထွက်ပေါ်လာပါတယ်။