ဒိုင်လူကြီး တီယာနေး သူ့ကို ဘာပြောခဲ့လဲ ကလော့ပ် ထွက်ရှင်းလာပြီး ဒီစကားမှာ လိမ်ညာမှု မပါဘူးလို့ နည်းပြကြီး ဆို

ကလော့ပ်ဟာ ကွင်းလယ်ဒိုင် တီယာနေးက ပုဂ္ဂိုလ်ရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်အတွက် အက်ဖ်အေရဲ့ စစ်ဆေးခြင်းကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ကလော့ပ်က “ သူငါ့ကို ကြည့်ပြီး အဝါကဒ်ပေးချိန် ပြောခဲ့တဲ့ စကားက အဆင်မပြေဘူး ” လို့ စပါးပွဲအပြီး ပြောဆိုခဲ့တာဖြစ်ကာ PGMOL ကတော့ ကလော့ပ်ရဲ့ ပြောဆိုမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနဲ့ တီယာနေးက ပရော်ဖက်ရှင်နယ် ဆန်ဆန် ပြုမှုခဲ့တယ်လို့ စာထုတ်လာခဲ့တယ်။

ကွင်းထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ကလော့ပ်ကို ကာလရှည် ပွဲပယ်ဖို့ အက်ဖ်အေဘက်က စီစဉ်နေပြီး ဖူလ်ဟမ်းပွဲကြိုမှာတော့ လီဗာပူးနည်းပြက တီယာနေး သူ့ကို ဘာပြောခဲ့လဲ? ကွင်းထဲ ဘာဖြစ်ခဲ့လဲ? အခုလို ဖြေရှင်းလာပါတယ်။

သတင်းထောက်တွေကို ကလော့ပ်က ပြောရာမှာ “ အဝါကဒ်ရမယ်လို့ ကျနော် မျှော်လင့်ပြီးသားပါ၊ အဲ့မှာ တီယာနေးက ‘ငါ့သဘောနဲ့ဆိုရင် အနီကဒ်ပဲ ဒါပေမယ့် စတုတ္ထဒိုင်ကြောင့် အဝါကဒ်ပဲ ပြလိုက်မယ် ’လို့ ပြောခဲ့တယ်။

အဲ့ကိစ္စ ဖြစ်ကိုမဖြစ်ခဲ့သင့်တာပါ။ ခံစားချက်အရ ဒေါသတွေ ပေါက်ကွဲသွားလို့ ဖြစ်သွားခဲ့တာပါ။ ဒါက ခေါင်းဆောင်ကောင်းတွေ လုပ်သင့်တဲ့ အပြုအမှု မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ကွင်းထဲမှာ ကျနော် အောင်ပွဲခံခဲ့တာပါ။

အခြေအနေက ကွင်းထဲမှာ မိုက ဆက်တိုက် လူချခံရတယ်၊ ဘာပြစ်ဒဏ်မှ မပေးဘူး။ အဲ့မြင်ကွင်းမှာ ကျနော် မြင်ခဲ့တာကတော့ မိုကို လူချတာအတွက် ပြစ်ဒဏ်ပေးသင့်တယ်။ ကျနော် မျက်လုံးနဲ့ တပ်အပ်မြင်တဲ့ ကိစ္စပဲ။

တီယာနေးက စပါးကို ဖရီးကစ်ပေးလိုက်တယ်၊ အဲ့တာပြီး နောက်ထပ် ဖရီးကစ် ထပ်ပေးတယ်။ ရစ်ချာလီဆန် ဂိုးသွင်းသွားတယ်၊ ၁ မိနစ်လောက်ကြာတော့ ကျနော်တို့ ဂိုးထပ်သွင်းခဲ့တယ်။ ကျနော် ဒေါသထွက်နေဆဲပဲ။ ဘာအမှားမှ မပြောခဲ့ပါဘူး။ ‘မင်းမပါလဲ ဂိုးတယ်’ လို့ စတုတ္ထဒိုင်နား သွားအော်ခဲ့တယ်။ သူ့နား အနီးကပ်ဆုံးထိ မရောက်ခဲ့ဘူး။

အဲ့နောက် ကြွက်သားနာခဲ့တယ်။ တီရာနေးက ကျနော်ထံ လာတယ်။ အနီကဒ် ပြမယ်လို့တော့ မထင်ပါဘူး၊ အဝါကဒ်လောက်တော့ မှန်းထားပါတယ်။ အဲ့မှာ သူက အနီကဒ်ပြချင်ပေမယ့် စတုတ္ထဒိုင်ကြောင့် အဝါကဒ်ပဲ ပြတာလို့ ပြောခဲ့တယ်။ သူ အဝါကဒ်ပြတယ်၊ ကျနော် ပြုံးပြီး ကြည့်နေလိုက်တယ်။

ပွဲပြီးသွားတယ်၊ ကျနော်တို့ အထဲဝင်တယ်၊ တည်တည်ငြိမ်ငြိမ်ရှိဖို့ ကြိုးစားတယ်။ မရဘူး ဒေါသက ထွက်နေတုန်းပဲ အဲ့တော့ အင်တာဗျူးမှာ ပြောခဲ့တဲ့အတိုင်း ထုတ်ပြောလိုက်တော့တာပဲ ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်က သူရယ်၊ လီဗာပူးရယ်နဲ့ တီယာနေးကြားမှာ ဇာတ်လမ်းတွေ ရှိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ မနှစ်က ရော်ဘတ်ဆန်ကို ဟယ်ရီကိန်း ဖြတ်ထုတ်မှု အပါအဝင် တီယာနေးက လီဗာပူးကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်ခဲ့သေးတာပါ။ အခုတော့ ဒိုင်လူကြီးထုနဲ့ ကလော့ပ်တို့ ထိပ်တိုက်တွေ့နေပါပြီ။

ကလောပ့်ကပဲ “ ကျနော်တို့ပွဲတွေကို တီယာနေး ကိုင်ရင် ခံစားမိတဲ့အတိုင်း ပြောတာပါပဲ။ သူက ပရော်ဖက်ရှင်နယ်ဆန်ဆန် မလုပ်ဘူးလို့ ကျနော် ခံစားရတယ်။ ဒါပေမယ့် ကျနော်တို့ကြား ဇာတ်လမ်းတွေ ရှိတာကို မငြင်းပါဘူး။

အတိတ်တုန်းက ကျနော်တို့အတွက် အရေးကြီး ပွဲတွေမှာ သူပါဝင်ခဲ့ဖူးတယ်။ ကျနော်ကတော့ ကိုယ့်ခံစားချက်အတိုင်း ပြောလိုက်တာပဲ။ ဒိုင်တွေက ကျနော် ပြောတာကို စိတ်ဆိုးနေကြတာကို သိပါတယ်။ ကျနော်က ညာပြောတယ်လို့ ပြောနေကြတာလဲ ရှိတယ်။ ညာမပြောခဲ့တာ သေချာပါတယ် ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။