

မနှစ်ကရာသီမှာ လီဗာပူးအသင်းဟာ အတော်လေး ရုန်းကန်ရမှု များပြားခဲ့ခြင်းနဲ့အတူ ဆုဖလား မစိန်ခေါ်နိုင်ခဲ့သလို ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်ခွင့်တောင် ကျရှုံးခဲ့ပါတယ်။
ဒီရာသီမှာတော့ ကလော့ပ်ရဲ့ Liverpool 2.0 ဟာ ပြန်လည် တောက်ပလာနေပြီး စနေနေ့ အီသီဟက်မှာတော့ လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် စိန်ခေါ်မှုကို ပြန်ပြီး ရင်ဆိုင်သွားတော့မှာ ဖြစ်ပါတယ်။
ဒီရာသီ လီဗာပူးအသင်းနဲ့ ပတ်သက်လို့ ဗြိတိန်သတင်းဌာန Daily Mail က သုံးသပ်ပြရာမှာ
” မနှစ်ကရာသီ စိတ်ပျက်စရာ အဆင့် ၅ မှာပဲ ရပ်တည်ခဲ့အပြီး ဩဂုတ်လကစလို့ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ တစ်ခုခု ပြန်လုပ်ပြဖို့ အတော်လေး စိတ်အားထက်သန်နေခဲ့ပါတယ်။ ဒီရာသီမှာတော့ သူတို့ဟာ အမှတ်ပေးပွဲ ၁၂ ပွဲ ကစားပြီး ၈ ပွဲထိ အနိုင်ရကာ ၁ ပွဲပဲ ရှုံးထားပါတယ်။
အနီရောင်တွေဟာ တစ်ကျော့ပြန် အမြင့်ပျံသန်းဖို့ စတင်လာနိုင်ပြီလို့ပဲ ပြောရပါမယ်။ အခုဆိုရင် လီဗာပူးအသင်းဟာ ဇယားထိပ်က မန်စီးတီးနဲ့ ၁ မှတ်အကွာမှာ ရှိနေပါတယ်။ သူတို့ဟာ နောက်ဆုံး ၅ ပွဲဆက် ရှုံးနိမ့်ထားခြင်းလည်း မရှိပါဘူး။
လီဗာပူးအသင်းဟာ လိဂ်ရဲ့ တတိယ အကောင်းဆုံး တိုက်စစ်အဖြစ် ၂၇ ဂိုး သွင်းထားပြီး အသင်းတိုင်းထက် ဂိုးပေါက် ခြိမ်းခြောက်မှု ပိုများတဲ့ အသင်းလည်း ဖြစ်ပါတယ်။ လိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်လိုင်းအဖြစ် ဆာလာ၊ ဒါဝင်နဲ့ ဂျိုတာ တို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။
အကောင်းဆုံး တိုက်စစ်နည်းတူ လိဂ်ရဲ့ အကောင်းဆုံး ခံစစ်ကြောင်းကိုလည်း ပိုင်ဆိုင်ထားတာပါ။ လီဗာပူးအသင်းဟာ ဒီရာသီ ပေးဂိုး ၁၀ ဂိုးပဲ ရှိသေးတာမို့ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်မယ့် အသင်းတစ်သင်း ဖြစ်နေပါတယ်။
လီဗာပူးအနေနဲ့ မန်စီးတီးကို တွန်းအားပေး နိုင်ဖို့ဆိုရင် သူတို့ရဲ့ အဆုံးသတ်ပိုင်းတွေ တိုးတက်လာဖို့ လိုအပ်နေပါတယ်။ ဒီရာသီမှာ လီဗာပူးအသင်းဟာ အခွင့်အရေးကြီးတွေအား အဖြုန်းတီးဆုံး ကလပ်ပဲ ဖြစ်ပါတယ် ” လို့ပဲ ဖြစ်ပါတယ်။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် အဆင့် သတ်မှတ်ချက်ကိုလည်း A အဆင့်ထိ ပြန်သတ်မှတ်လာခဲ့ကြပါတယ်။