မန်စီးတီး vs လီဗာပူး ပွဲစဉ်ကို တာဝန်ယူမယ့် ဂရိတ်မန်ချက်စတာဖွား ဒိုင်လူကြီးနဲ့ VAR ဒိုင်များ စာရင်း

အီသီဟက်မှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲအတွက် ကွင်းလယ်ဒိုင်လူကြီး နာမည် ထွက်လာခဲ့ပြီဖြစ်ကာ ဂရိတ် မန်ချက်စတာဖွား ဒိုင်ဖြစ်ပြီး လီဗာပူးနဲ့ အကောင်းမြင်စရာ ရလဒ်တွေ ရှိထားသူ ဖြစ်နေပါတယ်။

ကွင်းလယ်ဒိုင်အဖြစ် Chris Kavanagh ကိုင်တွယ်မှာဖြစ်ကာ VAR ဒိုင်အဖြစ် Stuart Attwell တာဝန်ယူဖို့ ရှိနေပါတယ်။ လက်ထောက် VAR ဒိုင်အဖြစ်တော့ Tim Wood က တာဝန်ယူမှာပါ။

ကွင်းထဲမှာ စည်းကြပ်ဒိုင်တွေအဖြစ် Simon Bennett နဲ့ Dan Robathan တို့ဖြစ်ကာ စတုတ္ထဒိုင်အဖြစ်က Thomas Bramall တို့ဖြစ်ပါတယ်။

Kavanagh ဟာ သူ့ရဲ့ ဒိုင်ဘဝမှာ လီဗာပူးအသင်းကို ၁၅ ကြိမ် ကိုင်တွယ်ထားဖူးပါတယ်။ ၂၀၁၈ ကနေ စတင်တဲ့ အဆိုပါ ၁၅ ပွဲမှာ လီဗာပူးက ၁၃ ပွဲ အနိုင်ရခဲ့ကာ ၂ ပွဲပဲ ရှုံးနိမ့်ထားဖူးပါတယ်။ ဒီရာသီမှာ သူကိုင်တွယ်တဲ့ ဖောရက်စ်၊ ဝက်စ်ဟမ်း ပွဲတွေကိုလည်း လီဗာပူးအသင်း အနိုင်ရထားပါတယ်။

ဂရိတ်မန်ချက်စတာဖွား Kavanagh ဟာ မာဆေးဆိုဒ် ဒါဘီပွဲကို ၂ ကြိမ် တာဝန်ယူဖူးပေမယ့်လို့ လီဗာပူးနဲ့ မန်ချက်စတာကလပ်တွေ ယှဉ်ပြိုင်ရတဲ့ ပွဲကြီးတွေကိုတော့ တစ်ကြိမ်မှ တာဝန်ယူဖူးခြင်း မရှိပါဘူး။

လီဗာပူးအသင်းဟာ နောက်ဆုံး ၁၅ နှစ်အတွင်း အီသီဟက်မှာ သွားကစားတဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ အဝေးကွင်း ၁ ပွဲပဲ အနိုင်ရထားပါတယ်။ ဒီတစ်ကြိမ် ထပ်မံ အနိုင်ဖို့ မျှော်လင့်နေမှာဖြစ်သလို သမာတမတ်ကျတဲ့ ဒိုင်ရခြင်းက အထောက်အကူ ဖြစ်စေပါလိမ့်မယ်။