ဂိုးတွေမြူးနေတဲ့ ဒါဝင်- ဟာဗေး၊ မန်စီးတီးကိစ္စ ဖိအားပေးနေခြင်း၊ သီယေဂိုကို ခေါ်ယူလိုတဲ့ ကလပ်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ဥရုဂွေး ၃-၀ ဘိုလီဗီးယားပွဲမှာ ပွဲထွက်ကနေ ပါဝင်လာတဲ့ ဒါဝင် နူးညက်စ်ဟာ ကိုယ်တိုင် ၂ ဂိုး သွင်းယူခဲ့ပါတယ်။

ဒါဝင်ဟာ ဒီရာသီ လက်ရွေးစင်နဲ့ ကလပ်အတွက် ၂၃ ပွဲကစားထားရာမှာ ကိုယ်တိုင် ၁၁ ဂိုး သွင်းပြီး ဂိုးထောက်ပံ့မှု ၉ ကြိမ် လုပ်ထားနိုင်ပါတယ်။

မနက်က နယ်သာလန်အသင်း ၆ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ဂက်ပိုဟာ ၁၃ မိနစ် စာ လူစားဝင်ပြီး ၁ ဂိုး သွင်းယူခဲ့ပါတယ်။ နည်းပြကိုမန်းက အသင်းခေါင်းဆောင် ဗန်ဒိုက်ကိုတော့ ပထမပိုင်းအပြီးမှာ အနားပေးခဲ့ပါတယ်။

အင်္ဂလန် ယူ-၂၁ အသင်းက မြောက်အိုင်ယာလန် ယူ-၂၁ အသင်းကို ၃-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဟာဗေး၊ ကွမ်းဆက်၊ မော်တန်တို့ ၃ ဦးလုံး ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ဟာဗေးက သွင်းဂိုး ၂ ဂိုး သွင်းယူပြီး မော်တန်က ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အသင်းက ဆီးရီးယားကို ၅-၀ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ကွင်းလယ်လူ ဝါတာရု အန်ဒိုလည်း ပါဝင်သွားပါတယ်။

မန်စီးတီးရဲ့ ဘဏ္ဍာရေးချိုးဖောက်မှု ကိစ္စကို ဒီရာသီမှာတင် အဖြေထွက်ဖို့ လီဗာပူးအသင်းက ဦးဆောင်ပြီး ပရီးမီးယားလိဂ်ကို တွန်းအားပေးနေပါတယ်။

မန်စီးတီး vs လီဗာပူး ပွဲကစားမယ့် အချိန်မှာ အဲဗာတန်အသင်းက အီသီဟက်ကွင်းပေါ် လေယာဉ်ဖြင့် ပရီးမီးယားလိဂ်ကို ဆန္ဒပြမှု ပြုလုပ်မယ်လို့ သိရပါတယ်။ ၎င်းတို့ကို ၁၀ မှတ်လျော့ပြီး မန်စီးတီးကို ဘာပြစ်ဒဏ်မှ မပေးခြင်းကို ကန့်ကွက်လိုတာ ဖြစ်ပါတယ်။

စတီဗင်ဂျရတ်ကတော့ ၂၀၀၉ မှာ အလွန်ဆိုကို ရောင်းချခဲ့တဲ့ နည်းပြဟောင်း ရာဖာရဲ့ ဆုံးဖြတ်ချက်ကို သူ့ရဲ့ စာအုပ်သစ်မှာ ဝေဖန်ထားခဲ့ပြီး အလွန်ဆို ဆက်ရှိနေရင် သူ့နှစ်တွေအတွင်း အသင်းရဲ့ ကျရှုံးမှုတွေ ဖြစ်လာခဲ့မှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

ကွင်းလယ်လူ ဂါဗီ ကာလရှည် ဒဏ်ရာရသွားတာကြောင့် ဘာစီလိုနာဟာ ဇန်နဝါရီမှာ သီယေဂို အယ်ကန်တာရာကို ခေါ်ယူသွားဖို့ စဉ်းစားလာနေပါတယ်။