

လီဗာပူးအသင်း ခံစစ်မှူးဟောင်း ဂလင်းဂျွန်ဆင်ကတော့ တိုက်စစ်မှူး ဒါဝင် နူးညက်စ်ကို ဒီရာသီမှ မဟုတ်ဘဲ မနှစ်တည်းက သဘောကျကြောင်း ထုတ်ပြောလာပါတယ်။
မနှစ်ကရာသီ အသင်းကို ပေါင် ၈၅ သန်းဖြင့် ရောက်လာတဲ့ ဒါဝင်ဟာ ဒီရာသီမှာတော့ အတော်လေး အထိုင်ကျလာနေကာ ဂိုးတွေ သွင်းယူလာနိုင်ပါပြီ။
“ ဒါဝင် နူးညက်စ်က ဥရောပရဲ့ ထိပ်တန်းအဆင့်ကို ရောက်လာနိုင်မယ့် တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။ မနှစ်ကတည်းက သူ ဂိုးမသွင်းနိုင်ပေမယ့် သူ့ကို အတော်လေး သဘောကျခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ့ထံကနေ ခြိမ်းခြောက်မှုတွေ မြင်နေခဲ့ရလို့ပါပဲ။
တိုက်စစ်မှူး တစ်ယောက်က ဂိုးတွေ မသွင်းချိန်မှာ လူတိုင်းက စိတ်ပူလာကြတာမျိုး ရှိပါတယ်။ ဒါပေမယ့် ပွဲတွေအပေါ် တစ်နေရာရာကနေတောင် သက်ရောက်မှု မရှိတာမျိုး ဖြစ်လာမှပဲ စိတ်ပူရမှာ ဖြစ်ပါတယ်။ ဒါဝင် နူးညက်စ်က အဲ့လို မဟုတ်ပါဘူး ” လို့ ထောက်ပြခဲ့တယ်။
ဒါဝင်က ကစားသမားကောင်းအဖြစ် မြင်နေရပေမယ့် တိုးတက်လာဖို့ လိုနေတာမျိုး မရှိတာ မဟုတ်ဘူးလို့ ခံစစ်သမားဟောင်းက ထောက်ပြပါတယ်။ အထူးသဖြင့်ကတော့ အခွင့်အရေး ဖြုန်းတီးမှုတွေပဲ ဖြစ်ပါတယ်။
ဂျွန်ဆင်ကပဲ “ ဒါဝင်က အခွင့်အရေးတွေကို လွဲချော်တာမျိုး ရှိပါတယ်။ ဒါပေမယ့်လို့ သူက အသင်းဖော်တွေအတွက် အခွင့်အရေးတွေ ဖန်တီးပေးတယ်၊ ခံစစ်သမားတွေကို ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်။ သူက ထူးချွန်သူဖြစ်ပြီး တကယ့် ကစားသမားကောင်း လို့ မြင်နေရပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။
နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်မှာ နူးညက်စ်ဟာ ဥရုဂွေးအတွက် ၂ ပွဲကစားပြီး ၃ ဂိုး သွင်းယူနိုင်ခဲ့ကာ မန်စီးတီးပွဲမှာလည်း ဂိုးတွေ သွင်းပြဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။