နိုဝင်ဘာလ နိုင်ငံပွဲတွေ အပြီး ပရီးမီးယားလိဂ် ပြန်စတင်ချိန်မှာတော့ လီဗာပူးအသင်းဟာ မန်ချက်စတာ စီးတီးနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၇ နာရီ အချိန်၊ အီတီဟက် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူကြီး ဖြစ်တဲ့ ခရစ်ဆက်တန် က မန်စီးတီးနဲ့ လီဗာပူးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ကျွန်တော်က ဒီနှစ်သင်းဟာ ဘောလုံးရာသီ သိမ်းချိန်မှာ အဆင့် ၁ နဲ့ ၂ ရမယ့် အသင်းတွေ လို့ ထင်ပါတယ်။ သူတို့ နှစ်သင်း ထိပ်တိုက်တွေ့တိုင်းလည်း စိတ်လှုပ်ရှားစရာ ပွဲ ဖြစ်တော့တာပဲ။
လီဗာပူး အသင်း တိုက်စစ်မှာ မိုဟာမက် ဆာလာ ရှိသလို နူးညက်စ်ကလည်း ဥရုဂွေး အသင်းနဲ့ အတူ ဒီတပတ်မှာ လုံးဝ ခြေစွမ်းတွေ ပြနေတော့ သိပ်အားကောင်းနေပြီ။ နူးညက်စ်က အာဂျင်တီးနား၊ ဘိုလီဗီးယားတို့နဲ့ ပွဲတွေမှာ ၃ ဂိုး သွင်းခဲ့တယ်။
နူးညက်စ် လွဲခဲ့တာ တချို့လည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံး သိတဲ့ အတိုင်းပဲ သူ့ရဲ့ တိုးအား လှုပ်အားတွေက တကယ် အသင်းအတွက် အကျိုးရှိတယ်။ လီဗာပူး က မန်စီးတီးကို ကိုင်လှုပ်နိုင်မယ့် ကောင်တာ တိုက်စစ်အားရှိနေတယ်၊ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်က ချယ်ဆီး မန်စီးတီးကို ရင်ဆိုင်သွားတဲ့ ပုံမျိုးပေါ့။
စီးတီးကတော့ သူတို့ ပွဲ ကစားပုံကို ပြောင်းလဲမှာ မဟုတ်ဘူး။ သူတို့က ဘယ်အသင်းနဲ့ တွေ့တွေ့ နောက်ဆုတ် ကစားလေ့ ရှိတာ မဟုတ်ဘူး။ သူတို့ ဘောလုံးပိုင်ဆိုင်မှု အပိုင်း အသာစီး ရမယ် လို့လည်း ကျွန်တော် မျှော်လင့်တယ်။ လီဗာပူးက သူတို့ကို ဒုက္ခပေးနိုင်တယ် ဆိုတာ သိသိလျက်နဲ့ တိုက်စစ်ကိုလည်း ဖိပြီး ကစားဦးမှာပဲ။
အိမ်ကွင်း အားသာချက်က ဒီပွဲမှာ အတော်ကြီး တာ သွားနိုင်ပါတယ်။ ပက် ဂွာဒီယိုလာ ရဲ့ အသင်းဟာ ဒီနှစ်ထဲ အီတီဟက်မှာ ကစားတဲ့ ပြိုင်ပွဲစုံ ၂၃ ပွဲ လုံး အကုန် အနိုင်ရထားတယ်။ အဲဒီမှာ မနှစ်က ဒီဇင်ဘာ ၃၁ ရက်ကပဲ အဲဗာတန်ကို သရေကျခဲ့တာပါ။
ဒါကြောင့်လည်း ဒီပွဲကို အဆုံးအဖြတ် ဖြစ်သွားနိုင်မယ့် အဓိက အချက် အဖြစ် ဒါကို ထည့်တွေးထားပါတယ်။ ဟာလန်း ပါဝင် ကစားသည် ဖြစ်စေ၊ မကစားသည် ဖြစ်စေ မန်စီးတီးက နိုင်ပွဲကို ရအောင် ရှာသွားနိုင်ပါလိမ့်မယ်။ ပွဲရလဒ်ကတော့ အတော်ကြီး ကပ်ပြီး နိုင်တာမျိုးပေါ့။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်း ရလဒ်ကတော့ မန်ချက်စတာ စီးတီး ၂-၁ လီဗာပူး ဖြစ်ပါတယ်။