ဗန်ဒိုက် လက်သစ်ကို ရှာတွေ့ခဲ့ပြီလို့ ပြုံးရွှင်စွာ ထုတ်ပြောသွားတဲ့ နည်းပြကလော့ပ်

ဒီရာသီ လီဗာပူးအသင်းမှာ အတိုးတက်ဆုံး ကစားသမားကတော့ ခံစစ်မှူး ဂျဝဲလ် ကွမ်းဆက်ပဲ ဖြစ်ပါလိမ့်မယ်။

အကယ်ဒမီရဲ့ အကောင်းဆုံး ခံစစ်မှူးဆိုတဲ့ ဂုဏ်ကို ပိုင်ဆိုင်ထားတဲ့ ကွမ်းဆက်ဟာ ရာသီကြိုမှာ စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခဲ့သလို ကလပ်နဲ့ သက်တမ်းအလိုက် လက်ရွေးစင် အသင်းတွေမှာ ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသလာနေပါတယ်။

“ ရာသီကြိုတုန်းက သူအဲ့လောက်ကောင်းမယ် ထင်မိလားလို့ မေးခံရရင် ကျနော်တော့ အံ့ဩမိခဲ့မှာပါ။ ဒါပေမယ့် နေ့တိုင်း လေ့ကျင့်ရေးမှာ သူ့ကိုမြင်နေတော့ မအံ့ဩတော့ပါဘူး။

ကျနော်တို့အသင်းရဲ့ အကယ်ဒမီကနေ ဒီလို အလားအလာကောင်းပြီး အရည်အချင်းရှိတဲ့ ခံစစ်မှူးမျိုး မွေးထုတ်လာနိုင်တာ သိပ်ကောင်းတဲ့ ကိစ္စပါ ” လို့ နည်းပြကလော့ပ်က ကျေနပ်စွာ ပြောဆိုလာခဲ့ပါတယ်။

အသက် ၂၀ အရွယ် ခံစစ်မှူးဟာ ဒီရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၉ ပွဲ ကစားထားသလို ၅ ပွဲမှာတော့ ပွဲထွက် လူစာရင်းကနေ ပါဝင်လာခဲ့တာပါ။ သူဟာ အင်္ဂလန် ယူ-၂၁ က မြောက်အိုင်ယာလန်ကို ၃-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ခံစစ်ကနေ ပါဝင်ခဲ့ပါသေးတယ်။

“ ဂျဝဲလ်က ဗာဂျယ် ၂.၀ အဖြစ် အားသစ်လောင်းမှုပါပဲ။ သူက အဲ့လောက်ထိ ကောင်းပါတယ် ” လို့ နည်းပြကြီးက ပြုံးရွှင်နေတဲ့ မျက်နှာဖြင့် မှတ်ချက်ပေးခဲ့သေးတာ ဖြစ်ပါတယ်။

ကွမ်းဆက်ဟာ ရွိုင်းဝီလီယမ်၊ နက်ဖီးလစ်တို့နဲ့ ခြားနားပြီး တော်တော်လေး တက်လှမ်းရှိတဲ့ ခံစစ်မှူး ဖြစ်ပါတယ်။ အင်္ဂလန် ယူ-၂၁ မှာတော့ ခံစစ်ပိုင်း တောင့်တင်းသူတင် မဟုတ်ဘဲ မာတစ်ကဲ့သို့ ဘောလုံးပေးမှုပိုင်း ထူးချွန်သူ ဆိုတာကိုလည်း ဆက်တိုက် ဆိုသလို သက်သေပြလာနေသူပဲ ဖြစ်ပါတယ်။