

ဟန်ချက်ညီခဲ့တဲ့ လီဗာပူး
အီသီဟက်မှာ မန်စီးတီးကို ရင်ဆိုင်စဉ် လီဗာပူးအသင်းဟာ တစ်ဦးချင်းတွေမှာ ပြိုင်ဘက်ထက် တစ်ဆင့်နိမ့်နေခဲ့ပါတယ်။ ဥပမာအားဖြင့် အယ်လီဆန်က အီဒါဆန်ထက် အမှားများတာ ဒိုကူကို ထရန့် ထိန်းရမလွယ်ဖြစ်နေချိန် ဆာလာကို အကီ ထိန်းချုပ်ထားနိုင်တာ ဒါမျိုးတွေဖြစ်ပါတယ်။
ဒါပေမယ့်လို့ အသင်းလိုက်မှာတော့ လီဗာပူးက စီးတီးအောက် မကျဘူးလို့ ယုံကြည်ပါတယ်။ ပထမပိုင်းမှာ အသင်းဟာ ကောင်တာ ကစားဖို့ကို ပိုမို ပြင်ဆင်ခဲ့ပြီး စီးတီးကို ဘောလုံးကိုင်ခွင့်ပေးခဲ့ပေမယ့် ကစားဟန်ပိုင်းမှာ လုံလောက်တဲ့ ကျစ်လစ်မှု ရှိသလို စီးတီး ဧရိယာထဲ ဝင်နိုင်စွမ်း ရှိခဲ့ပါတယ်။
စီးတီး ကွင်းလယ်ကို လီဗာပူး ကွင်းလယ်က မယှဉ်နိုင်ပေမယ့် ကောင်းပေ့ဆိုတဲ့ ဘာနာတိုတို့ရဲ့ ကွင်းလယ်တန်လိုပဲ မာကာ၊ ဆိုဘိုနဲ့ ဂျုံးတို့ကလည်း ဖိအားတွေအောက်မှာ အသင်း ရုန်းထနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ ဒီကွင်းလယ်ကို ထရန့်ရဲ့ ပါဝင် အားဖြည့်ပေးမှုကလည်း အကျိုးရှိခဲ့ပါတယ်။
ထရန့်ရဲ့ ဂိုးမတိုင်ခင်မှာ မာကာထံက ဘောလုံးရယူပြီး ဂရာဗင်ဘက်ချ်ဟာ ရိုးရိုးရှင်းရှင်းပဲ ကွင်းတစ်ဝက်ကို ကျော်ဖြတ်ပြသွားခဲ့သလို နောက်ထပ် ကွင်းလယ်လူ ဂက်ပိုကလည်း ပြိုင်ဘက် ဧရိယာထဲ နောက်က လိုက်ဝင်လာခြင်းအရ အသင်း ကွင်းလယ်ဟာ တိုက်စစ်ကို အမြန်ဆုံး ကူးပြောင်းပြနိုင်စွမ်း ရှိပါတယ်။
ဟာလန်းနဲ့ ဆာလာ
နှစ်ဦးစလုံးဟာ ဒီလိုပွဲကြီးမှာ ရလဒ်အတွက် အဆုံးအဖြတ်ပေးနိုင်ကြသူတွေ ဖြစ်ပါတယ်။ ဟာလန်းထံ အခွင့်အရေး အများကြီး မရောက်အောင် လီဗာပူးဘက်က ကြိုးစားနိုင်ခဲ့ပေမယ့် တစ်ကြိမ်ဆိုရင် တစ်ကြိမ်ဆိုသလောက် ဟာလန်းက ရအောင် သွင်းပြသွားပါတယ်။
ဆာလာလည်း တူတူပါပဲ။ တစ်ပွဲလုံး ထိန်းချုပ်ခံနေရပေမယ့် ဆာလာ လှုပ်ရှားမှုတွေကို စီးတီးအသင်းသားတွေ မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ကြားက ဒီယက်ဇ်ထံက ဘောလုံးကို လက်ခံယူပြီး ထရန့်အတွက် ဘောလုံး ပြန်ခင်းပေးကာ ချေပဂိုး ရဖို့ ကူညီပေးခဲ့ပါတယ်။ ဒါတွေဟာ ပွဲအဖြေကို ပြောင်းနိုင်စွမ်းရှိတဲ့ တိုက်စစ်သမားတွေရဲ့ သက်ရောက်မှုတွေ ဖြစ်ပါတယ်။
တိုးတိုးတိတ်တိတ် ခြေစွာခဲ့သူ ၃ ဦး
ဒီပွဲမှာတော့ မာကာ၊ မာတစ်နဲ့ ကိုစတက်တို့ဟာ သိပ်ပြီး ချီးကျူးမခံရပေမယ့် စီးတီးတို့ တဖတ်သတ် မကစားနိုင်ခဲ့တာ သူတို့ ၃ ဦးရဲ့ အစွမ်းအစကြောင့်ပဲ ဖြစ်ပါတယ်။
ဒိုကူကို မက်ကယ်လစ္စတာ လိုက်ဆွဲနေရတာမျိုးကို ဘယ်သူမှတော့ ကြိုက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဟာလန်းထံ ဘောလုံး သိပ်မရောက်ဖို့ ခံစစ်တန်းရှေ့က မာကာ ရပ်တည်သွားပုံက ဒီရာသီ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းပဲ ဖြစ်ပါတယ်။
အချက်အလက်တွေကို ဖတ်ပြမနေတော့ဘဲ မာတစ်ရဲ့ ခံစစ်ဧရိယာထဲ ဘလော့ကာမှုတွေ ရှင်းထုတ်မှုတွေ မရှိခဲ့ရင် စီးတီးကို ၂ ဂိုး ၃ ဂိုး ရပြီးနေပါပြီ။ သူနဲ့ ကိုစတက်တို့ဟာ ဒီပွဲမှာ လီဗာပူးခံစစ်ကြောင်းကို စီးတီးနဲ့ တန်းညီစေခဲ့ကြပါတယ်။
ပိုပိုကောင်းလာနေကြခြင်း
ဒီရာသီမှာ လီဗာပူးအသင်းဟာ ချန်ပီယံဖြစ်လောက်တဲ့ ခြေစွမ်းမျိုး ပြထားနိုင်တဲ့ပွဲတွေ အများကြီး မရှိပါဘူး။ နယူးကာဆယ်ကို အဝေးကွင်း အနိုင်ရတဲ့ပွဲတောင်မှ ထူးချွန်ခြေစွမ်းမျိုး မဟုတ်ပါဘူး။ စီးတီးနဲ့ပွဲမှာတော့ အသင်းဟာ စိတ်ဓါတ်ပိုင်း မာကျောမှုနဲ့ ပြန်လာနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေကို ပြသခဲ့ပါတယ်။
ရာသီစတည်းက တောက်လျှောက် နောက်ကနေ လိုက်ကစားရခြင်းက ဒီယုံကြည်မှုကို ပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ၃ မှတ်အပြည့်ရခဲ့ခြင်း မဟုတ်ဘူးဆိုပေမယ့် လက်ရှိ ချန်ပီယံကို အဝေးကွင်းမှာ သူတင်ကိုယ်တင် ကစားပြီး ရမှတ် ခွဲယူလာခဲ့တာဟာ အနိုင်ရလိုက်သလိုပါပဲ။
အရန်လူစာရင်း အသုံးဝင်မှု
စီးတီးပွဲမှာ ဂရာဗင်ဘက်ချ်၊ ဒီယက်စ်၊ ဂက်ပို၊ အန်ဒို၊ ဟာဗေးတို့ ၅ ဦး လူစားဝင်ကစားခဲ့ပါတယ်။ အရင်နှစ်တွေကဆိုရင် ဒီလို အခြေအနေမျိုးက အိပ်မက်တစ်ခုပါပဲ။ ကွင်းထဲက ကစားသမားတွေလောက် နီးနီး ကစားနိုင်မယ့် လန်းဆန်းတဲ့ ခြေထောက် ပိုင်ရှင်တွေကို အရန်ခုံကနေ သုံးလို့ရလာနေတယ်။
ဂျိုတာနဲ့ အယ်လီဆန် ဒဏ်ရာ မပြင်းထန်စေဖို့ မျှော်လင့်ရင်း လာမယ့် ပွဲစဉ်တွေမှာ ဒီလို တောင့်တင်းတဲ့ လူစာရင်းကို ဆက်ပြီး မျှော်လင့်နေမိမှာပါပဲ။