မန်စီးတီးကို ရင်ဆိုင်ပြီး ရလဒ်ကောင်းယူဖို့ ပွဲအတွင်း သူ လုပ်ခဲ့တဲ့ အပြောင်းအလဲကို ကလော့ပ် ရှင်းပြ

စနစ်သစ်ကို ပြောင်းလဲပြီးတဲ့နောက် ပထမဆုံးအကြိမ် နည်းပြကလော့ပ်ရဲ့ အသင်းဟာ ဂွာဒီယိုလာရဲ့ အသင်းကို ရင်ဆိုင်ရခြင်းဖြစ်ကာ နည်းစနစ်ပိုင်းမှာ နောက်ကောက်ကျနေခဲ့ခြင်း မရှိပါဘူး။

ပထမပိုင်းမှာ ဟာလန်းက ဦးဆောင်ဂိုး ရယူခဲ့ပေမယ့် ဒုတိယပိုင်းမှာ ထရန့်က လီဗာပူးအတွက် ခြေပဂိုး ရယူပေးခဲ့တာပါ။ ဒိုကူက ထရန့်ကို ၇ ကြိမ်တောင် ကျော်ဖြတ်ပြေးခဲ့တယ်လို့ စာရွက်ပေါ်က အချက်အလက်တွေ ဆိုပေမယ့် ကွင်းထဲမှာတော့ ထရန့်ရဲ့ သက်ရောက်မှုက ပိုကြီးမားခဲ့ပါတယ်။

မန်စီးတီးကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ပြီး သရေကျခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ပြိုင်ဘက်ကို ပြန်ပြီး တုန့်ပြန်နိုင်ဖို့ နေရာအပြောင်းအလဲတွေ လုပ်ခဲ့ရတယ်လို့ နည်းပြကလော့ပ်က ရှင်းပြပါတယ်။

“ ပထမပိုင်းအပြီးမှာ ‘ငါတို့သာ ကောင်းကောင်းကစားနိုင်ခဲ့ရင် တွေးကြည့်ကွာ’ ဆိုပြီး အသင်းသားတွေကို ပြောခဲ့မိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဒီထက် အများကြီး ပိုကောင်းအောင် ကစားနိုင်ပါတယ်။ အဲ့တာက ပြဿနာပါပဲ။

အခိုက်အတန့်ကောင်းတွေ ရှိတာ သိနေပေမယ့် စိတ်ထဲမှာ အချို့ အခိုက်အတန့်တွေကျ မကောင်းဘူးလို့ ခံစားမိနေတယ်။ ပြိုင်ဘက်ကို အမြဲတမ်း လမ်းဖွင့်ပေးသလို ဖြစ်နေတယ်။

ခံစစ်ပိုင်းတွေမှာ ထရန့်ကို မတူညီတဲ့ နေရာတွေမှာ သုံးနေရတာကြောင့် ပထမပိုင်းမှာ စီးတီးက ဘာနာတို ဆေးဗားကနေ နေရာလွတ်တွေ ဆက်တိုက် ရှာတွေ့နေခဲ့တယ်။ ဒွန်နဲ့ မိုတို့ ဒုတိယပိုင်း လိုက်ဖြည့် ကစားပေးလို့ ကျနော်တို့ ပိုပြီး တည်တည်ငြိမ်ငြိမ် ဖြစ်လာခဲ့ပါတယ်။

အဲ့လို တည်တည်ငြိမ်ငြိမ် ရှိရာကစလို ကျနော်တို့ ကိုယ်ကစားချင်တဲ့အတိုင်း စပြီး ကစားလာနိုင်တယ်။ ကျနော်တို့ အခိုက်အတန့်ကောင်းတွေ ရခဲ့ပါတယ်။ အများကြီး ပိုရချင်ပေမယ့် ရခဲ့သလောက်ကိုလည်း ကျေနပ်ပါတယ်။

စီးတီးက သူတို့ အိမ်ကွင်းမှာ သရေမကျတာ ကြာလှပြီလေ၊ ဒီတော့ ကျနော်တို့ သရေတစ်မှတ် ယူခဲ့နိုင်တာ အောင်မြင်တာပါပဲ ” လို့ ကလော့ပ်က ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီပွဲမှာ လီဗာပူးအတွက် ပွဲအဖြေကို ပြောင်းလဲပေးခဲ့သူဟာ ထရန့်ဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံး နေရာဟာ ညာခြမ်းလား ကွင်းလယ်လား ဆိုတာဟာ ရေရှည်မှာ ပိုမြင်လာရမှာ ဖြစ်ပါတယ်။