လီဗာပူးက ဒါဝင်အတွက် ပေါင် ၈.၅ သန်းကို ဘင်ဖီကာထံ ထပ်ပေးချေလိုက်ပါပြီ

လီဗာပူးအသင်းအတွက် ဒါဝင် နူးညက်စ် ပွဲပေါင်း ၆၀ ပြည့်သွားခဲ့တာကြောင့် စာချုပ်ပါ ဆုကြေး ပေါင် ၈.၅ သန်းကို ဘင်ဖီကာအသင်းအား ထပ်မံ ပေးချေလိုက်ပြီ ဖြစ်ပါတယ်။

၂၀၂၂ မှာ ဥရုဂွေး တိုက်စစ်မှူးအတွက် လီဗာပူးအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်း ပေးဖို့ သဘောတူညီခဲ့တာပါ။ စာချုပ်မှာတော့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းဖြစ်ကာ ထပ်တိုး ပေါင် ၂၁ သန်း ပါဝင်ထားတာ ဖြစ်ပါတယ်။

အသင်းအတွက် ဒါဝင် ၁၀ ပွဲ ကစားခဲ့ပြီးတည်းက ထပ်တိုးကြေးထဲက ပေါင် ၄.၃ သန်းကို ပေးထားခဲ့ပြီဖြစ်ကာ အခုကတော့ နောက်ထပ် ပေါင် ၈.၅ သန်း ထပ်ပေးခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံသော ပေါင် ၈.၅ သန်းကတော့ တစ်ဦးချင်းနဲ့ အသင်းလိုက် စွမ်းဆောင်ရည်တွေအရ ပေးချေသွားမယ်လို့ သိထားရတယ်။ ဒါဝင်ဟာ ဒီရာသီ ကလပ်နဲ့ လက်ရွေးစင်အသင်းအတွက် ကိုယ်တိုင် ၁၂ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၇ ကြိမ် လုပ်ထားပါတယ်။

ဒါဝင်ဟာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၆၀ ကစားထားရာမှာ ကိုယ်တိုင် ၂၂ ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် လုပ်ထားပါတယ်။ သူဟာ ဒီရာသီမှာ အထောင်တိုက်စစ်နေရာက ပိုတိုးတက်လာပေမယ့် သွင်းဂိုးနဲ့ ပတ်သက်လို့ ပိုမို အားထုတ်နိုင်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

လက်ရွေးစင် အသင်းဖော် ဆွာရက်စ်ကတော့ ” ကျနော်ရဲ့ ရှေ့မှာ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၉ တွေထဲက တစ်ဦးနဲ့အတူ တွဲကစားနေပါတယ်။ အဲ့တာကတော့ ဒါဝင်ပဲ ဖြစ်ပါတယ် ” လို့ ချီးကျူးသွားတာ ဖြစ်ပါတယ်။