

မန်စီးတီးနည်းပြ ဂွာဒီယိုလာက လီဗာပူးဟာ ထူးချွန်တဲ့ အသင်းဖြစ်ပြီး သူတို့ရဲ့ ဆုဖလား ပြိုင်ဘက်ဖြစ်ကြောင်း အီတီဟက်က ၁-၁ သရေကျတဲ့ ပွဲအပြီးမှာ ဝန်ခံထားပါတယ်။
ကွင်းလယ်လူ ဘာနာတိုကလည်း ဒီရာသီမှာ လီဗာပူးအသင်း ပြန်လာနိုင်နေပြီဖြစ်ကာ မန်စီးတီးတို့ ၄ ရာသီဆက် ချန်ပီယံဖြစ်မယ့် အရေးကို ဟန့်တားဖို့ ပြန်အားကောင်းလာနေပြီလို့ ယုံကြည်နေတယ်။
ဘာနာတိုက ပြောရာမှာ “ ဘယ်အသင်းမှ ၄ ရာသီဆက် ဆုဖလား မအောင်မြင်ဖူးသေးပါဘူး။ ကျနော်တို့ အဲ့တာကို အောင်မြင်လိုပါတယ်။ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အသင်းတွေက မနှစ်က အများကြီး တိုးတက်လာကြပါတယ်။
လီဗာပူးအသင်း ပြန်လာပါပြီ။ စပါးနဲ့ အာဆင်နယ်တို့လည်း ရှိနေပါတယ်။ ခက်ခဲတဲ့ အလုပ်တွေ ရှိလာပေမယ့် ကျနော်တို့ သမိုင်းတစ်ခုကို ဖန်တီးလိုပါတယ်။ ဘယ်သူမှ မလုပ်ထားနိုင်တဲ့ ပရီးမီးယားလိဂ် ၄ ကြိမ် ဆက်တိုက် အနိုင်ရမှုမျိုး လုပ်ပြချင်ပါတယ်။
၆ ရာသီအတွင်း ကျနော်တို့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် အောင်မြင်ခဲ့ပေမယ့် ဆက်ပြီး အောင်မြင်လိုတယ်။ နှစ်ပေါင်း ၂၀ လောက်တိုင်အောင် လူတိုင်း ငေးကြည့်နေရမယ့် သမိုင်းကို ရေးထိုးလိုပါတယ်။ အင်္ဂလန် ဘောလုံးသမိုင်းမှာ အကောင်းဆုံးအသင်း ဖြစ်လိုပါတယ်။
ကျနော်တို့ ရာသီစ ကောင်းနေဖို့ လိုပါတယ်။ အာဆင်နယ်၊ လီဗာပူး၊ စပါးတို့နဲ့ အရမ်းကြီး ဝေးကွာမနေတဲ့ နေရာမှာ ဆက်ရှိနေဖို့ လိုပါတယ်။ ဒီအတွက် ဆက်လက် ကြိုးစားပြီး ပွဲတွေကို တတ်နိုင်သလောက် အများကြီး အနိုင်ရအောင် ကြိုးစားရမှာပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို တစ်ကျော့ပြန် ဦးဆောင်ထားပြီး ဒုတိယမှာ မန်စီးတီး၊ တတိယမှာ လီဗာပူးတို့ ရှိနေကာ အမြင့်ဆုံး အမှတ်ကွာဟမှုက ၂ မှတ်ပဲ ရှိနေတာ ဖြစ်ပါတယ်။