မန်စီးတီးကို သရေကျတဲ့ပွဲမှာ ကလော့ပ်ရဲ့ လူစားလဲမှုပိုင်း ထူးချွန်ခြင်းဟာ ၂၀၂၃ မှာ ရာနှုန်းပြည့် နိုင်ပွဲ ရယူထားတဲ့ မန်စီးတီးထံက တစ်မှတ်ခွဲယူဖို့ အခွင့်အရေး ဖြစ်စေခဲ့တယ်လို့ အလန်ရှီးယားက မြင်ပါတယ်။
နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်အပြီး အစောဆုံးပွဲအဖြစ် ယှဉ်ပြိုင်ရာမှာ လီဗာပူးက အဖိုးတန် သရေတစ်မှတ်ရခဲ့တာပါ။ ရမှတ်က ၁ မှတ်တည်းဆိုပေမယ့် မန်စီးတီးထံက ခွဲယူနိုင်ခဲ့ခြင်းဖြစ်တာမို့ ကလပ်ရဲ့ ယုံကြည်မှုပိုင်းကော၊ အဆင့် ရပ်တည်ချက်အတွက်ပါ သက်ရောက်မှု ကြီးမားနိုင်ပါတယ်။
နယူးကာဆယ် ဂန္တဝင်ကြီး အလန်ရှီးယားကတော့ ဒီရာသီမှာ ကလော့ပ်ဟာ ရွေးချယ်စရာ ကစားသမားတွေ များလာခြင်းနဲ့အတူ လူစားလဲမှုတွေကို လုပ်နိုင်စွမ်း ရှိလာခြင်းအား အားသာချက်အဖြစ် သုံးသပ်ခဲ့ပါတယ်။
” ယာဂင်ကလော့ပ်က လူစားလဲမှုတွေ အများကြီးကို အကောင်းဆုံး လုပ်နေပါတယ်။ လူစားလဲမှုတွေကလည်း သူ့အတွက် အလုပ်ဖြစ်နေပါတယ်။
ရာသီအစောတုန်းက နယူးကာဆယ်ပွဲမှာ ဒါဝင် နူးညက်စ်ကို လူစားဝင်စေပြီး အစွမ်းပြစေခဲ့တယ်။ ဟာဗေးကလည်း ဒီရာသီမှာ လူစားဝင် ကစားသမားအဖြစ် ပွဲကို ပြောင်းလဲပေးသူ ဖြစ်လာနေတယ်။
ယာဂင်ကလော့ပ်က လူစားလဲမှုတွေကို ထူးထူးချွန်ချွန် လုပ်ပြနေပါတယ်။ လီဗာပူးအတွက် စွမ်းဆောင်ရည်ကောင်း မဟုတ်ပေမယ့် မန်စီးတီးပွဲမှာ သရေ တစ်မှတ်ရလိုက်တာ သိပ်ကောင်းပါတယ်။ သူတို့လည်း အတော်လေး ကျေနပ်နေမှာပါ။
ပွဲကို အပြီးသတ်ဖို့ မန်စီးတီးတို့ အခွင့်အရေး ၂ ကြိမ်လောက်ရပေမယ့် သူတို့ အဆုံးမသတ်နိုင်ခဲ့ပါဘူး။ လီဗာပူးက အခွင့်အရေး ရမယ်ဆိုရင် မန်စီးတီး မသွင်းနိုင်ခဲ့တဲ့ ဒုတိယဂိုးကို သွင်းယူပြနိုင်ခဲ့ဦးမှာပါ။ အဲ့လို ရှားပါးအခွင့်အရေးကနေ လီဗာပူးက ဂိုးသွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။
လီဗာပူးကစားတာ အရမ်း မကောင်းပါဘူး၊ ကစားပုံ မကောင်းချိန်မှာ အရေးအကြီးဆုံးက မရှုံးဖို့ပါ။ ယာဂင်ကလော့ပ်ကတော့ စီးတီးကွင်းမှာ သရေတစ်မှတ် ရခြင်းအတွက် ကျေနပ်နေပါလိမ့်မယ် ” ဆိုပြီး အလန်ရှီးယားက ပြောဆိုသွားတာ ဖြစ်ပါတယ်။